အသင်းဟောင်း ဘာစီလိုနာရဲ့ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားကို ခံယူနေရတဲ့ မန်စီးတီးနောက်ခံကစားသမားလေး အဲရစ်ဂါဆီယာဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲကျန်ရှိတော့တာဖြစ်လို့ မန်စီးတီးဘက်ကနေ သူ့ကိုနှစ်ရှည်စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းလာခဲ့ပေမယ့်လည်း ဂါဆီယာဘက်ကနေ စာချုပ်သစ်ချုပ်ဖို့ ငြင်းဆန်ပယ်ချသွားခဲ့ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၁၉)နှစ်သာရှိသေးတဲ့ စပိန်လူငယ်နောက်ခံကစားသမားလေး ဘာစီလိုနာအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်(၃)နှစ်ကပဲ ပတ်ဂွာဒီယိုလာရှိရာ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီး စီးတီးလူငယ်အသင်းမှာ ပါဝင်ကစားခဲ့ရင်းနဲ့ ဒီရာသီမှာ စီနီယာအသင်းနဲ့ ပူးပေါင်းခွင့်တွေ စတင်ရရှိလာတာဖြစ်ပါတယ်။ ဂွာဒီယိုလာကလည်း အသင်းရဲ့ခံစစ်ပိုင်းပြသာနာတွေ ကြုံနေရချိန်မှာ ဂါဆီယာကို ယုံယုံကြည်ကြည်နဲ့ နေရာပေးခဲ့တာကြောင့် ဒီရာသီအတွင်းမှာပဲ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၉)ပွဲအထိကို ပါဝင်ခဲ့ရပြီး ဆက်လက်ကစားရဖို့ ရှိနေသေးတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ သူ့ကို နေရာပေးဖွယ်ရှိနေပါတယ်။

Photo Credit : AS English

အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်လာခဲ့တဲ့ ဂါဆီယာကို သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းကနေ ပြန်လည်မျက်စိကျလာခဲ့ပြီး ခေါ်ယူနိုင်ဖို့အထိပါ ကြိုးစားလာခဲ့တာကြောင့် မန်စီးတီးဘက်ကနေ ကြိုတင်ကာကွယ်ထားနိုင်ဖို့ စာချုပ်သစ်ကိစ္စကို ပြင်ဆင်ထားခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က သက်တမ်းတိုးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ ဂါဆီယာနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက “သူက မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ပါဘူးလို့ ကျွန်တော်တို့ကို အသိပေးအကြောင်းကြားလာခဲ့ပါတယ်။ သူနဲ့ အသင်းကြားမှာ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိတော့တာပါ။ ကျွန်တော်တို့ကတော့ သက်တမ်းတိုးစေချင်တယ်။ သူတစ်နေရာကို ပြောင်းရွှေ့ချင်နေပြီလို့ ထင်ပါတယ်” လို့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလာခဲ့ပါတယ်။ ကစားသမားလေးက အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်လို့ နွေစျေးကွက်အတွင်းမှာ အလျင်အမြန် ရောင်းချဖို့လိုနေပြီး မဟုတ်ရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာဖြစ်ပါတယ်။ ဂါဆီယာက အသင်းကနေ ထွက်ခွာတော့မှာဖြစ်လို့ စတုန်းစ်နဲ့အော်တာမန်ဒီတို့ကို အသင်းမှာ ဆက်ထိန်းထားရဖွယ် ရှိနေသလို ကူလီဘလီကိုလည်း အရခေါ်ယူရတော့မှာဖြစ်ပါတယ်။