မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ ယနေ့ည (၁၁) နာရီအချိန် စပါးအသင်းနဲ့ ကစားမယ့် ပွဲစဉ်မတိုင်ခင်မှာတော့ လက်ရှိစပါးနည်းပြ မော်ရင်ဟိုအနေနဲ့ စပါးနည်းပြဟောင်း ပိုချယ်တီနိုလို ဖြစ်လာဖို့ ဆိုရင် အချိန် ယူရလိမ့်မယ်လို့ ပြောသွားပါတယ်။ စပါးနည်းပြဟောင်း ပိုချယ်တီနိုဟာ စပါးအသင်းကို (၂၀၁၄) ခုနှစ်ကနေ (၂၀၁၉) ခုနှစ်အထိ (၅) နှစ်ကြာ နည်းပြခဲ့ပြီး လက်ရှိ စပါး နည်းပြ မော်ရင်ဟိုကတော့ စပါးအသင်းကို (၂၀၁၉) ခုနှစ် နိုဝင်ဘာလက စပြီး နည်းပြခဲ့ပါတယ်။

Photo Credit: talkSPORT

နည်းပြ မော်ရင်ဟိုဟာ စပါးအသင်းကို (၂၀၁၉) ခုနှစ် နိုဝင်ဘာလက စတင်နည်းပြခဲ့တာကြောင့် လက်ရှိအချိန်မှာ စပါးအသင်းကို နည်းပြတာ လပိုင်းပဲ ရှိသေးပြီး သူ လိုချင်တဲ့ အသင်း ဖြစ်လာဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ မန်စီးတီးအသင်းကို (၂၀၁၆) ခုနှစ်ကနေ လက်ရှိအချိန်အထိ (၃) နှစ်ကျော်ကြာ နည်းပြခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ (၃) နှစ်တာအတွင်း မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ဆုဖလား (၂) နှစ်ဆက် ရယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: talkSPORT

ဂွါဒီယိုလာက “ပိုချယ်တီနို နဲ့ မော်ရင်ဟိုက အတော် ကွဲပြားပါတယ်။ ဒါပေမဲ့ တူညီမှုတွေလည်း ရှိကြပါတယ်။ သူတို့နှစ်ဦးရဲ့ စပါးအသင်းက အတော် ရန်လိုပါပဲ။ နည်းပြတိုင်းမှာ စိတ်ကူးရှိပြီး သူတို့နှစ်ဦးက သိပ်ကောင်းပါတယ်။ ပိုချယ်တီနိုက စပါးအသင်းကို (၅) နှစ် ဒါမှမဟုတ် (၆) နှစ် နည်းပြခဲ့ပြီး မော်ရင်ဟိုက လပိုင်းပဲ ရှိပါသေးတယ်။ ဒီတော့ နည်းပြတိုင်းက သူတို့ လိုချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ဖို့အတွက် အချိန် လိုအပ်ပါတယ်”လို့ ပွဲအကြိုမှာ ပြောသွားလိုက်ပါတယ်။