ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ တဖက် တဂိုးစီ သရေရလဒ် ရရှိကာ ရမှတ် ၁မှတ်သာ စုဆောင်းနိုင်ခဲ့ပြီးနောက် တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် ယခုလို ရလဒ်မျိုး ထွက်လာတာ ဖြစ်ကြောင်း ငြီးတွားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၂၄) အဖြစ် ပထမအကျော့မှာ ၆-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ခွင့် ရခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုး ပေးလိုက်ရတာကြောင့် ရမှတ် ၁မှတ်နဲ့သာ အိမ်ပြန်ခဲ့ရပါတယ်။

Photo Credit: Sky Sports

နော်တင်ဟမ် ဖောရက်စ် ၁-၁ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက ဂိုးပေါက် ကန်သွင်းခွင့် ၂၃ကြိမ် အထိ ရခဲ့သလို အဆိုပါ ၂၃ကြိမ်ထဲမှာ အပိုင်ဂိုးသွင်းခွင့် ၅ကြိမ် အထိ ပါဝင်ခဲ့ပေမယ့် ဘာနာဒို ဆေးလ်ဗားရဲ့ အဝေးကန်ချက် ကနေ ရရှိခဲ့တဲ့ သွင်းဂိုး ၁ဂိုးထဲနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဂွာဒီယိုလာက ပွဲပြီးဆုံးချိန်မှာ သူတို့အသင်းရဲ့ တိုက်စစ် ကစားသမားတွေကို ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်သွားခဲ့ပြီး တိုက်စစ်ပိုင်း အားနည်းချက်သာ မရှိခဲ့ရင် သူတို့က နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ရနိုင်ကြောင်း ပြောဆိုလာပါတယ်။

Photo Credit: Sky Sports

ဂွာဒီယိုလာက – “နော်တင်ဟမ် ဖောရက်စ်ကို သူတို့ ရသွားတဲ့ ၁မှတ် အတွက် ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က အတော်လေး ကောင်းအောင် ကစားပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သွင်းဂိုးတွေ များများစားစား မသွင်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က သွင်းဂိုးတွေ ထပ်သွင်းသင့်ပါရက်နဲ့ မသွင်းနိုင်ခဲ့တာကြောင့် အခုလိုမျိုး ရမှတ်တွေ ဆုံးရှုံးခဲ့ရတာပါ။ ပေးလိုက်ရတဲ့ ချေပဂိုးအတွက် ပြောရရင် ကျွန်တော်တို့က ဒီထက် ပိုကောင်းအောင် ခုခံနိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့က ကစားအား ကောင်းကောင်းနဲ့ လိုက်ဆော့ခဲ့ရင် အခုလိုမျိုး ဂိုးပေးရမယ် မထင်ပါဘူး။ ကျွန်တော်တို့က ဂိုးသွင်းခွင့်တွေကိုသာ အသုံးချနိုင်ရင် ပထမပိုင်းမှာပဲ ၂-၀ ၊ ၃-၀ ဆိုတဲ့ ရလဒ်မျိုးတွေ ရခဲ့မှာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။