မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ပက်ပ် ဂွာဒီယိုလာက ဒီနှစ် ဘောလုံးရာသီအတွင်း သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ဆက်လက် ထိန်းသိမ်းသွားဖို့ဆိုတာ အလွန်အမင်း ခက်ခဲနေပြီလို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ (၃)ရာသီဆက်တိုက် ချန်ပီယံ ဖြစ်ထားခဲ့ပြီး မြို့ခံကလပ် မန်ယူနိုက်တက်အသင်းရဲ့ စံချိန်ကိုပါ လိုက်မီနိုင်ခဲ့သလို တကယ်လို့ ဒီရာသီမှာ (၄)ရာသီဆက် ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ စံချိန်သစ် စိုက်ထူသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ဒီရာသီမှာ မန်စီးတီးက (၈)ပွဲ ကစားထားပြီးချိန် ရှုံးပွဲ (၂)ပွဲအထိ ရှိထားခဲ့ရပြီး ၂၀၁၅ခုနှစ်နောက်ပိုင်း လုံးဝ မရှုံးထားသေးတဲ့ အာဆင်နယ်ကိုပါ ရှုံးနိမ့်ခဲ့သလို ဝုလ်ဗ်ကိုလည်း အရှုံးပေးထားခဲ့ရပါသေးတယ်။ ဒါ့အပြင် ဒီနေ့မှာလည်း မန်စီးတီးက ဘရိုက်တန်လို အသင်းကောင်း တစ်သင်းနဲ့ ရင်ဆိုင်ရဦးမှာမို့ မန်စီးတီးအတွက် ပိုပြီး သတိထားစရာ ဖြစ်နေပါမယ်။

ဒီရာသီ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ပရီးမီးယားလိဂ်မှာ ကိုယ့်ဘက်ကနေ နည်းနည်းလေး နှောင့်နှေးလိုက်မယ်ဆိုရင် ပြိုင်ဘက်အသင်းတွေက ကိုယ့်ကို ကျော်တက်သွားကြမှာပဲ။ အဲ့လိုသာ ဖြစ်သွားပြီဆိုရင် သူတို့ကို အမီလိုက်ဖို့ဆိုတာကလည်း ခက်ခဲသွားရပါလိမ့်မယ်။”

Photo Credit : FOX Sports

“ဘောလုံးရာသီတိုင်းလိုလိုကလည်း ပိုပိုပြီး ခက်ခဲလာပါတယ်။ စိန်ခေါ်မှုတွေက အရင်ကထက် ပိုကြီးထွားလာတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံရပါမယ်။ တခြားအအသင်းတွေဟာလည်း ပိုကောင်းလာတယ် ဆိုတာကိုလည်း လက်ခံရပါမယ်။ ပြီးတော့ ကျွန်တော်တို့လည်း တိုးတက်ဖို့ လိုပါတယ်။” လို့ ပြောဆိုလာခဲ့ပါတယ်။

လတ်တလောမှာ နည်းပြ ဂွာဒီယိုလာရဲ့နေရာမှာ ဘရိုက်တန်နည်းပြ ဒီဇာဘီ ဆက်ခံသွားမယ်ဆိုပြီး သတင်းတွေ အကျယ်တဝင့် ထွက်ပေါ်နေခြင်းနဲ့ ပတ်သက်လို့ မေးမြန်းလာခဲ့ရာ ဂွာဒီယိုလာဘက်က ငြင်းဆိုခဲ့ကာ အသင်းနည်းပြသစ် ရှာဖွေတဲ့ အလုပ်က သူ့အလုပ် မဟုတ်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။