MySport Myanmar

မိုဆာလာ နေရာအတွက် ရာဖင်ဟာနဲ့ အစားထိုးသင့်တယ်လို့ ပီးနန့် အကြံပြု

လီဗာပူးလ်အသင်း ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျာမိန်း ပီးနန့်က သူ့အသင်းဟောင်းအနေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တောင်ပံကစားသမားကြီး မိုဟာမက် ဆာလာနေရာအတွက် ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ဟာနဲ့ အစားထိုးသွားသင့်တယ်လို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

အသက် (၃၁)နှစ်အရွယ် အီဂျစ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆာလာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သက်တမ်းသစ် တိုးမြှင့်မလား အသင်းကနေ လက်လွတ်လိုက်တော့မလားဆိုတာ မရေမရာသေးပဲ ဖြစ်နေပါတယ်။

Photo Credit : Football365

ဆာလာကတော့ ရိုးမားကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာချိန်ကတည်းကနေ လက်ရှိရာသီအထိ အသင်းအတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသထားလျက် ရှိနေတာကြောင့် သူ့ကို ဥရောပ ထိပ်သီးကလပ်အသင်းတွေကပါ အလိုရှိနေတဲ့အပြင် ဆော်ဒီကလပ်တွေကလည်း မက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ ခေါ်ယူသွားချင်နေပါတယ်။

လီဗာပူးလ်ဘက်ကလည်း ဆာလာကို လက်လွတ်လိုက်ရဖို့ အခြေအနေများနေတာမို့ ဆာလာနေရာမှာ အစားထိုးဖို့ ကစားသမားသစ်တွေ ရှာဖွေနေရာ ကစားသမားဟောင်း ပီးနန့်ကတော့ ဆာလာနေရာအတွက် ရာဖင်ဟာကို ခေါ်ယူဖို့ အကြံပြုလာပါတယ်။ “တကယ်လို့ မိုဟာမက် ဆာလာသာ ထွက်ခွာသွားမယ်ဆိုရင် ရာဖင်ဟာက မိုဆာလာနေရာအတွက် အစားထိုးဖို့ အသင့်တော်ဆုံး ကစားသမားလို့ မြင်မိပါတယ်။”

Photo Credit : Sportskeeda

“သူက လျင်မြန်ပြီးတော့ မိုဆာလာရဲ့ ကစားဟန်နဲ့လည်း အံ့ဝင်နိုင်လိမ့်မယ်။ သူ့ ကစားပုံက ပြိုင်ဘက်တွေကို လှည့်ဖျားတက်ပြီး ဒါက လီဗာပူးလ်မှာ ဆာလာ ဒီးယက်ဇ်တို့ အတိုင်းပါပဲ။ သွင်းဂိုးတွေအတွက်လည်း သူ့မှာ အမြင်ရှိနေပြီး အခု ဘာစီလိုနာအတွက် အကောင်းဆုံး စွမ်းဆောင်နေတယ်။ ဘိုင်ယန်လို အသင်းမျိုးကို ဟက်ထရစ် သွင်းယူခဲ့သလို အယ်လ်ကလက်စီကို နိုင်ပွဲမှာလည်း သူက အရေးကြီးတဲ့နေရာက ပါဝင်ခဲ့တယ်။”

“လိဒ်စ်အသင်းနဲ့အတူ သူ့မှာ ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ရထားတာက လီဗာပူးလ်အတွက်လည်း အံ့ဝင်ခွင်ကျ ဖြစ်စေမှာပါ။ လိဒ်စ်အသင်းအတွက် ကစားပေးတုန်းက အသင်းဟာ ရုန်းကန်ခဲ့ရပေမယ့် အသင်းအတွက် အကျိုးသက်ရောက်အောင် ဂိုးတွေ ရရှိအောင် ကစားပေးနိုင်ခဲ့တယ်။ သူသာ လီဗာပူးလ်တိုက်စစ်ကို ရောက်လာခဲ့ရင် တိုက်စစ်အစုအဖွဲ့က ဘယ်လောက်တောင် အားကောင်းသွားမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။” လို့ ပီးနန့်က မှတ်ချက်ပြုလိုက်ပါတယ်။

Exit mobile version