မနေ့က ဒါဘီကောင်တီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ မန်ချက်စတာယူနိုက်တက် စီနီယာအသင်းအတွက် ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပြီး ဒုတိယမြောက်သွင်းဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမားလေး ဖာကန်ဒိုပယ်လစ်ထရီကို ယူနိုက်တက်အသင်းက လာမယ့်ဘောလုံးရာသီ အသင်းမှာ အသုံးပြုသွားဖို့ထက် ပွဲထွက်ကစားခွင့်တွေ ပိုမိုရရှိစေနိုင်ဖို့အတွက် ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ အငှားချသွားဖွယ် ရှိလို့နေပါတယ်။

Photo Credit : Manchester Evening News

အသက်(၁၉)နှစ်အရွှယ်သာ ရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် ဥရုဂွေး လူငယ်ကစားသမားလေး ပယ်လစ်ထရီဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ ပင်နယ်ရိုးအသင်းကနေ ယူနိုက်တက်အသင်းဆီကို ယူရို(၁၀)သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းမှာ ကစားခွင့်မရရှိခဲ့ပဲ လာလီဂါကလပ် အလာဗက်စ်အသင်းမှာ ရာသီဝက်အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ အလာဗက်စ်အသင်းမှာ တစ်ရာသီအတွင်း လာလီဂါပွဲပေါင်း (၁၂)ပွဲခန့် ပါဝင်ကစားခဲ့ရတဲ့ ပယ်လစ်ထရီဟာ အခုဆိုရင် သူရဲ့မူလကလပ် ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ရာသီကြိုခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့ရင်း ခြေစွမ်းလည်းပြ သွင်းဂိုးတစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဒီကစားသမားလေးကို စီနီယာအသင်းမှာ နေရာပေးဖို့ထက် နောက်တစ်ရာသီ ထပ်မံအငှားချသွားဖို့ကိုပဲ ဆန္ဒရှိလို့နေပါတယ်။

Photo Credit : Daily Advent

လက်ရှိမှာ ယူနိုက်တက်အသင်းက သူတို့ရဲ့ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို ဒေါ့မွန်အသင်းကနေ ခေါ်ယူထားခဲ့သလို အသင်းမှာကလည်း တောင်ပံတိုက်စစ်မှာ ပါဝင်ကစားသူတွေအဖြစ် ရပ်ရှ်ဖိုဒ့် မေဆန်ဂရင်းဝုဒ် ဒန်နီယဲလ်ဂျိမ်းစ် အာမတ်ဒီယဲလ်လိုတို့ ရှိနေတဲ့အပြင် လူငယ်အသင်းက ကစားသမားတချို့ကိုလည်း အသင်းကြီးမှာ နေရာပေးဖို့ ရှိနေတဲ့အတွက် ပယ်လစ်ထရီအတွက် ပွဲထွက်ခွင့်တွေက နည်းပါးနိုင်တာကြောင့် နောက်တစ်ရာသီ ထပ်မံအငှားချသွားဖို့ကိုပဲ အလိုရှိနေတာဖြစ်ပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ လူငယ်ကြယ်ပွင့်လေး ပယ်လစ်ထရီကို အလာဗက်စ်အသင်းဆီကိုပဲ ဆက်လက်အငှားချသွားဖို့ ဆန္ဒရှိနေပြီး ကစားသမားဖြစ်သူကတော့ အငှားသွားကစားဖို့ထက် ယူနိုက်တက်အသင်းမှာသာ ပါဝင်ကစားချင်နေပါတယ်။ ယူနိုက်တက်အသင်းဟာ မနေ့ညက ခြေစမ်းပွဲအတွင်းမှာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ်ကစားသမား တာဟစ်ချောင်ကိုလည်း ဘာမင်ဂမ်စီးတီးအသင်းဆီကို တစ်ရာသီ အငှားချထားခဲ့ပါတယ်။