ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ပယ်လစ္စထရီက တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာဒါဘီပွဲမတိုင်မီမှာ မန်ချက်စတာမြို့ကို အနီရောင်တွေသာ လွှမ်းမိုးထားကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အဖြစ် လာမယ့် တနင်္ဂနွေနေ့ည ၁၀နာရီ အချိန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

Photo Credit: Goal

ဒီပွဲက ပြိုင်ဆိုင်မှု ကြီးမားတဲ့ မန်ချက်စတာဒါဘီပွဲ ဖြစ်သလို နှစ်သင်းစလုံးက သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေ အတွက် အမှားခံလို့ မရတော့တဲ့ အနေအထားမျိုးကို ရောက်နေတာကြောင့် အနိုင်ရလဒ် အတွက် ဦးတည်ကာ အကြိတ်အနယ် ကြိုးစားကြဖို့ ရှိနေပါတယ်။

လက်ရှိခြေစွမ်းပိုင်းအရ မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်ကို အနည်းငယ် အသာစီး ရနေပေမယ့် အိမ်ကွင်း အားသာချက် ၊ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အမှား လုံးဝ လုပ်လို့ မရတဲ့ အခြေအနေတွေကြောင့် အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ကိုလည်း လျှော့တွက်လို့ မရပါဘူး။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ပယ်လစ္စထရီကတော့ မန်ချက်စတာမြို့ကို ယူနိုက်တက်ရဲ့ အနီရောင်တွေသာ လွှမ်းမိုးထားတာ ဖြစ်ပြီး မန်ချက်စတာ စီးတီးရဲ့ မိုးပြာရောင်ဂျာစီကို မြို့ထဲမှာ တွေ့ရဖို့ အတော်လေး ခက်ခဲကြောင်း ပြောကာ မန်ချက်စတာဒါဘီပွဲ အတွက် စကားစစ်ထိုးမှုကို စတင် လုပ်ဆောင်လိုက်ပါတယ်။

ပယ်လစ္စထရီက – “မန်ချက်စတာမြို့ တခုလုံးက ယူနိုက်တက်နဲ့ပဲ သက်ဆိုင်တာပါ။ ခင်ဗျားက မန်ချက်စတာမြို့ထဲ လျှောက်သွားရင် စီးတီးအင်္ကျီနဲ့ စီးတီးအလံကို တွေ့ရမှာ မဟုတ်ပါဘူး။ တခါတလေ ကျွန်တော်က ကောင်မလေးနဲ့ အပြင်ထွက်ဖြစ်ရင် စီးတီးရဲ့ အင်္ကျီ ဒါမှမဟုတ် အလံကို ရှာကြမယ်လို့ ပြောပြီး လိုက်ရှာဖြစ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ တခါမှ မတွေ့ခဲ့ပါဘူးဗျာ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။