စပိန်လာလီဂါရဲ့ သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်တဲ့ ဘက်တစ်ရဲ့ နည်းပြဖြစ်သူ ပယ်လီဂရီနီ ကတော့ သူ့အသင်းဟာ ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ် အဆင့်လောက်နဲ့ မကျေနပ်နိုင်သေးဘူးလို့ ဆိုစီဒက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ရီးရဲလ် ဘက်တစ်ဟာ ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရထားတဲ့ ရီးရဲလ် ဆိုစီဒက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပေမယ့် အံ့မခန်း ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ကာ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါပွဲစဉ်မှာ ဘက်တစ်ရဲ့ ကစားပုံဟာ အတော်လေးကို ကောင်းမွန်ခဲ့ပြီး ဟွမ်မီ ၊ ဟိုဆေးနဲ့ ရူဘယ်တို့က ဘက်တစ်အတွက် အနိုင်ဂိုးတွေကို အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဆိုစီဒက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ပယ်လီဂရီနီက ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အတွက် ကျေနပ် ပျော်ရွှင်မိကြောင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရုံလောက်နဲ့ မကျေနပ်ကြဖို့လည်း ကစားသမားတွေကို သတိပေးခဲ့ပါသေးတယ်။

Photo Credit: Marca

ပယ်လီဂရီနီက – “ကိုပါဒယ်ရေးရဲ့ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့လို့ အတော်လေးကို ပျော်ရွှင်မိပါတယ်။ အရေးပါတဲ့ ပွဲတပွဲကို အနိုင်ရလိုက်ပြီ ဆိုရင် အဲ့ဒီအနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့ အောင်ပွဲခံမှုမျိုးကို လုပ်ကြတာက သဘာဝပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့တဲ့ ညတညက အရမ်းကြီး အရေးပါတဲ့ ညတညလို့ မခံစားရပါဘူး။ ကျွန်တော်တို့တွေ ဒီထက်ပိုပြီး အလုပ်ကြိုးစားဖို့ လိုအပ်ပါသေးတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်တို့က ကွာတားဖိုင်နယ် ကနေ လှည့်ပြန်ခဲ့ရလို့ ဒီနှစ်ကတော့ ပြီးခဲ့တဲ့နှစ်ထက် ပိုပြီး အောင်မြင်တဲ့ နှစ်တနှစ်လို့ ပြောလို့ ရပါတယ်။ ကစားသမားတွေကလည်း အတော်လေး ပျော်ရွှင်နေကြပါတယ်။ ကျွန်တော်တို့က နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲဆက်တိုက် ၄ဂိုးစီ သွင်းယူနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အမြောက်အမြား ဖန်တီးနိုင်ခဲ့ကြပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။