နာမည်ကျော် စပါယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟို ရောက်လာမှုနဲ့အတူ ပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ပယ်လီဂရီနီက သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ စီးရီးအေဖလားကို အရယူနိုင်ဖို့ ယုံကြည်မှုတွေ ပြည့်ဝနေကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ရိုးမားအသင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အောင်မြင်မှုတွေကို ပြန်လည် ရယူဖို့ အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ဆုံးခင်ထဲက မော်ရင်ဟိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့သလို ယခုနှစ် နွေဈေးကွက် အတွင်းမှာလည်း မော်ရင်ဟို လိုချင်နေတဲ့ ကစားသမားတွေကို ခေါ်ယူပေးခဲ့ပြီး မော်ရင်ဟို မလိုချင်တဲ့ အသင်းရဲ့ ကစားသမားတွေကိုလည်း အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပါတယ်။

Photo Credit: Football Italia

ဒါကြောင့်လည်း ယခုနှစ် ဘောလုံးရာသီမှာ မော်ရင်ဟိုရဲ့ ဦးဆောင်မှုနဲ့အတူ ရိုးမားအသင်းကို အသွင်သစ်နဲ့ မြင်တွေ့နေရတာ ဖြစ်ပြီး ရိုးမားအသင်းရဲ့ ခြေစွမ်းကလည်း တဟုန်ထိုး တိုးတက်လာကာ တသင်းလုံး နိုင်လိုစိတ် အပြည့်နဲ့ ယှဉ်ပြိုင်ကစားနေပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်(၂)မှာလည်း ရိုးမားအသင်းဟာ ဆလာနီတာနာအသင်းကို အဝေးကွင်းမှာ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး အဆိုပါနိုင်ပွဲကြောင့် ရိုးမားအသင်းဟာ ၂ပွဲကစား ၂ပွဲ ရဂိုး ၇ဂိုး ပေးဂိုး ၁ဂိုးနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃နေရာကို ရရှိထားပါတယ်။

Photo Credit: Football Italia

ဆလာနီတာနာအသင်းနဲ့ ပွဲစဉ်မှာ ရိုးမားအသင်း အတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ပယ်လီဂရီနီကတော့ ပွဲအပြီးမှာ သူတို့အသင်းဟာ အသွင်သစ်နဲ့ အသင်းတသင်း ဖြစ်နေသလို မော်ရင်ဟိုရဲ့ တပွဲချင်း ချဉ်းကပ်တဲ့ နည်းဗျူဟာကြောင့် ရာသီကုန်ရင် စီးရီးအေ ချန်ပီယံအဖြစ်နဲ့ အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ထားကြောင်း ဆိုသွားပါတယ်။

ရိုးမားအသင်းရဲ့ စီးရီးအေ ချန်ပီယံအိမ်မက်နဲ့ ပတ်သတ်ပြီး ပယ်လီဂရီနီက – “တနေ့မှာတော့ ကျွန်တော်တို့ရဲ့ အိမ်မက် (စီးရီးအေ ချန်ပီယံဖြစ်ရန်) အမှန်တကယ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီနှစ်ကတော့ တခြားနှစ်တွေနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။ ကျွန်တော်တို့ဟာ တကြိမ်မှာ တပွဲအတွက်ပဲ အာရုံစိုက်ဖို့ (မော်ရင်ဟိုဆီကနေ) လမ်းညွှန်မှု ရထားပါတယ်။ ဒါဟာ ဒီနှစ်မှာ ကျွန်တော်တို့အသင်းရဲ့ နည်းဗျူဟာအသစ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က အခု ကစားရမယ့်ပွဲ မပြီးမချင်း ဘယ်တော့မှ လာမယ့်ပွဲအတွက် စကားမပြောကြပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။