အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ ဝါရင့် ဂိုးသမားကြီး ဖြစ်တဲ့ ဘူဖွန်ကတော့ ယမန်နေ့မှာ ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ အန်ဒိုရာအသင်းတို့ရဲ့ ပွဲစဉ်မှာ လူစားဝင် ကစားရင်း သွင်းဂိုး တစ်ဂိုး ရယူနိုင်ခဲ့တဲ့ အသင်းဖော် ရိုနယ်ဒိုကို ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး ပီလီရဲ့ ဂိုးသွင်းစံချိန်ကို ဖြတ်ကျော်ဖို့ တိုက်တွန်း အားပေးစကား ပြောသွားခဲ့ပါတယ်။ အန်ဒိုရာအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ အပြီးမှာ ရိုနယ်ဒိုရဲ့ ကစားသမားဘဝ သွင်းဂိုးဟာ စုစုပေါင်း ၇၆၄ဂိုးအထိ ရှိလာခဲ့ပြီး သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ဘောလုံးသမား စာရင်းမှာ နံပါတ် ၄ နေရာ မှာ ရပ်တည်နေပါတယ်။

Photo Credit: FotMob

ရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ မှာ ပြိုင်ပွဲစုံ ၁၀၅၉ ပွဲအထိ ကစားပြီးထားတဲ့ အချိန်မှာ သွင်းဂိုး ၇၆၄ဂိုး အထိ သွင်းယူထားနိုင်သူ ဖြစ်ပြီး သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ဘောလုံးသမား စာရင်းရဲ့ တတိယ နေရာမှာ ရပ်တည်နေတဲ့ ပီလီရဲ့ သွင်းဂိုး စံချိန်ကို လိုက်မှီဖို့ အတွက် သွင်းဂိုး ၃ဂိုးသာ လိုအပ်ပြီး ဖြတ်ကျော်နိုင်ဖို့ ဆိုရင် သွင်းဂိုး ၄ဂိုးသာ လိုအပ်တဲ့ အနေအထားမှာ ရှိပါတယ်။ ဘရာဇီးလ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ပီလီဟာ သူ့ရဲ့ ကစားသမားဘဝမှာ ၈၃၄ပွဲအထိ ကစားထားရာမှာ သွင်းဂိုး ၇၆၇ဂိုးအထိ သွင်းယူ ထားသူ ဖြစ်ပြီး ရိုနယ်ဒိုဟာ မကြာခင်မှာပဲ ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖွယ် ရှိနေပါတယ်။ ရိုနယ်ဒိုရဲ့ အသင်းဖော် တစ်ဦးဖြစ်သူ ဘူဖွန်ကတော့ ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ရိုနယ်ဒိုကို အခုလိုပဲ တိုက်တွန်း အားပေး သွားခဲ့ပါတယ်။

Photo Credit: FotMob

ရိုနယ်ဒိုကို ပီလီရဲ့ စံချိန်အား ကျော်ဖြတ်နိုင်ဖို့ အတွက် ဘူဖွန်က “ခရစ္စတီယာနို ရိုနယ်ဒို… မင်းရဲ့ ဂုဏ်ယူစရာ ကောင်းတဲ့ စံချိန်အတွက် ဂုဏ်ပြုပါတယ် ငါ့ရဲ့ သူငယ်ချင်းကြီးရေ…။ သွင်းဂိုး ၇၆၄ဂိုး ဆိုတာက တကယ့်ကို များလွန်းတဲ့ သွင်းဂိုး ပမာဏပဲ။ အခု မင်းက ပွတ်စ်ကပ်ရဲ့ စံချိန်ကို ကျော်နိုင်ခဲ့ပြီ။ ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်လိုက်ပါဦးကွ” ဆိုပြီး သူ့ရဲ့ တွစ်တာအကောင့်ကနေ တဆင့် ပြောကြား သွားခဲ့တာပါ။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီဟာ အခုမှ စတာကြောင့် ရိုနယ်ဒိုဟာ ပီလီရဲ့ စံချိန်ကို သာမက သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား စာရင်းရဲ့ ဒုတိယ နေရာမှာ ရှိနေတဲ့ ရိုမာရီယို(၇၇၂ဂိုး) ရဲ့ စံချိန်ကိုပါ ယခုရာသီ အတွင်းမှာပါ ဖြတ်ကျော်နိုင်ဖွယ် ရှိပါတယ်။