ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲ ပါဝင်နေသူ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီကတော့ မကြာခင် ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံဟာ ဘရာဇီးလ်ပဲလို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ဘရာဇီးလ် ဂန္တဝင် ပီလီက ကစားသမား ဘဝမှာ စုစုပေါင်း သွင်းဂိုး ၁၀၀၀ကျော် အထိ သွင်းယူနိုင်ခဲ့တယ်လို့ နာမည်ကြီးပြီး လေထဲကို ခုန်ကာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းပြခဲ့တဲ့ ပထမဦး ဘောလုံးသမား ဖြစ်တာကြောင့် သူ့ကို အစွဲပြုပြီး အဆိုပါ နောက်ပြန်ကန်ချက်ကို ပီလီကစ်ရယ်လို့ ခေါ်ဝေါ်ခဲ့ရတဲ့ အထိ ဘောလုံးလောကအပေါ် လွှမ်းမိုးခဲ့သူပါ။

Photo Credit: Goal

ပီလီက ကစားသမား ဘဝမှာ ဥရောပတိုက်ဆီ ခြေဆန့်ကာ မကစားနိုင်ခဲ့ပေမယ့် သူ့ရဲ့ လက်ထက်မှာ ဆန်းတို့စ်နဲ့အတူ မရဖူးတဲ့ ဆုဖလား မရှိအောင်ပဲ ဆုဖလားပေါင်းစုံ ရယူနိုင်ခဲ့သလို ဘရာဇီးလ်နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ကြိမ် အထိ အနိုင်ရ ဗိုလ်စွဲခဲ့ဖူးပါတယ်။

ပီလီရဲ့ ကျေးဇူးကြောင့်ပဲ ဘရာဇီးလ်က ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ အအောင်မြင်ဆုံးအသင်း အဖြစ် ထည်ဝါစွာ ရပ်တည်နေနိုင်တာ ဖြစ်ပြီး ပီလီဟာ လူကြီးရောဂါကြောင့် အလွယ်တကူ လှုပ်ရှားသွားလာနိုင်ခြင်း မရှိတော့ပေမယ့် ယခုချိန်အထိ ဘောလုံးပွဲတွေကို စောင့်မျှော် ကြည့်ရှု အားပေးလေ့ ရှိပါတယ်။

Photo Credit: Goal

ဒါကြောင့် ပီလီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ကြည့်ရှု အားပေးဦးမှာ ဖြစ်ပြီး ပီလီက သူတို့ရဲ့ ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့သလို ဘရာဇီးလ်အသင်းရဲ့ အလံအပေါ်မှာ ကြယ်ပွင့် နောက်တပွင့် ထပ်တိုးလာမှာကို ကြည့်ချင်နေပြီလို့လည်း ဆိုပါတယ်။

ပီလီက – “ကျွန်တော် ဘရာဇီးလ်အတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ အချိန်မှာ ဘရာဇီးလ်ရဲ့ အလံအပေါ်ကို ကြယ် ၃ပွင့် တင်ပေးနိုင်ခဲ့ပါတယ်။ (ကမ္ဘာ့ဖလားပြိုင်ပွဲကို တကြိမ် ရထားတဲ့ အသင်းက အလံအပေါ်မှာ ကြယ် ၁ပွင့် တင်လို့ ရပါတယ်။ ဘရာဇီးလ်က ၅ကြိမ် ရထားလို့ ဘရာဇီးလ်ရဲ့ အလံအပေါ်မှာ ကြယ်ပွင့် ၅ပွင့် ရှိပါတယ်) အခု ငါတို့အသင်းမှာ ကြယ်ပွင့် ၅ပွင့် ရှိနေပြီ။ နောက်ထပ် ကြယ်ပွင့် ၁ပွင့် ထပ်တိုးပြီး ကြယ်ပွင့် ၆ပွင့်နဲ့ ဘရာဇီးလ်အလံကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူးဟေ့” လို့ ပြောကြားကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်မယ့် ဘရာဇီးလ်အသင်းကို အားပေးသွားခဲ့တာပါ။