ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဝါရင့် တောင်ပံတိုက်စစ် ကစားသမား ပတ်ဒရိုဟာ လက်ရှိ ဘောလုံး ရာသီ ပြီးဆုံးသွားတဲ့အချိန်မှာ စီးရီးအေကလပ် ရိုးမားအသင်းထံကို ပြောင်းရွှေ့ဖို့ အလွန်ကို နီးစပ်နေပြီလို့ သိရှိရပါတယ်။ အသက်၃၂နှစ် ရှိပြီ ဖြစ်တဲ့ တောင်ပံတိုက်စစ် ကစားသမား ပတ်ဒရို ဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် ကုန်ဆုံးမှာ ဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့် ရရှိထားသူဖြစ်ပြီး ရိုးမားအသင်းဟာ သူ့ကို ခေါ်ယူဖို့အတွက် ဧပြီလကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ကာ ယခုအချိန်မှာ ရိုးမားအသင်းထံကို ပြောင်းရွှေ့ဖို့ အတွက် သဘောတူညီမှု ရတော့မယ်လို့ အီတလီ အခြေစိုက် သတင်းစာတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Standard

ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ပတ်ဒရို ဟာ ဘာစီလိုနာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့မှာ ဆုဖလားအောင်မြင်မှု များစွာကို ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ကာ ချယ်လ်ဆီး အသင်းမှာ ၅နှစ်တာ ကစားခဲ့ချိန်မှာ ချယ်လ်ဆီးအသင်းအတွက် ၂၀၁ပွဲ ပါဝင် ကစားပေးထားခဲ့ပြီး ၄၃ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ဘောလုံးရာသီမှာတော့ ဒဏ်ရာများစွာ ရရှိခဲ့တာကြောင့် ချယ်လ်ဆီး အသင်းအတွက် ၁၈ပွဲသာ ပါဝင် ကစားခွင့်ရခဲ့ပြီး လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ရဲ့ ဦးစားပေး ကစားသမားစာရင်း ကနေ ဖယ်ရှားခံခဲ့ရတဲ့သူ တစ်ဦးပါ။

Photo Credit: Standard

ဒါ့အပြင် လာမယ့် ဘောလုံးရာသီမှာလည်း အေဂျက်အသင်းကနေ ခေါ်ယူထားတဲ့ တောင်ပံ ကစားသမား ဇီရက်ဇ် ၊ လစ်ဇက်အသင်းကနေ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့ဖို့အတွက် အလွန် နီးစပ်နေတဲ့ တီမိုဝါနာတို့ဟာ ချယ်လ်ဆီး အသင်းထံကို ရောက်လာဖို့ ရှိတာကြောင့် ပတ်ဒရိုရဲ့ ချယ်လ်ဆီးအသင်းမှာ ရှိနေတဲ့ အချိန်ကာလတွေဟာ ကုန်ဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပတ်ဒရိုကို ခေါ်ယူဖို့အတွက် လာလီဂါအသင်းတွေ ဖြစ်တဲ့ ဆီဗီးလား ၊ ဗလင်စီယာ ၊ ရီးရဲလ်ဘက်တစ် အသင်းတို့က စိတ်ဝင်စားနေကြပေမယ့် ပတ်ဒရိုဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုတာကြောင့် သူကျင်လည်ခဲ့ရာ စပိန်လာလီဂါကို ပြန်ပြောင်းရွှေ့ဖို့ထက် စီးရီးအေအသင်း ဖြစ်တဲ့ ရိုးမားထံကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာလို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။