MySport Myanmar

ရီးယဲလ် မက်ဒရစ်နဲ့ သတင်းထွက်နေခြင်းကို ဂုဏ်ယူမိတယ်လို့ ပတ်ဒရို ပေါ်ရို ဖွင့်ဟ

တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ စပိန် ညာနောက်ခံကစားသမား ပတ်ဒရို ပေါ်ရိုက ရီးယဲလ် မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတယ်အပေါ် ဂုဏ်ယူမိတယ်လို့ ဖွင့်ဟ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရီးယဲလ် မက်ဒရစ်အသင်းကလည်း အသင်းရဲ့ အသင်းခေါင်းဆောင် ညာနောက်ခံ ကစားသမားကြီး ဒါနီ ကာဗာဟယ်လ် ACL ဒဏ်ရာဆိုးကြီး ရရှိသွားတာကြောင့် ညာခြမ်းခံစစ်နေရာအတွက် ကစားသမားသစ်တစ်ဦး မဖြစ်မနေ ဖြည့်တင်းသွားဖို့ လိုအပ်လာခဲ့ပြီး လာမယ့် ဆောင်းဈေးကွက်မှာပဲ ညာနောက်ခံလူတစ်ဦး ခေါ်ယူသွားရနိုင်ပါတယ်။

Photo Credit : Football365

ကာဗာဟယ် ဒဏ်ရာမရနေရင်တောင်မှ အသင်းရဲ့ ညာခြမ်းခံစစ်အတွက် ထိပ်တန်း ကစားသမားတစ်ဦး ခေါ်ယူဖို့ စီစဉ်ထားတဲ့ ရီးယဲလ်အသင်းဟာ လီဗာပူးလ်အသင်းက ညာနောက်ခံလူ ထရန့် အလက်ဆန်းဒါး အာနိုးကို မျက်စိကျနေပြီး အာနိုးကလည်း လာမယ့် ၂၀၂၅မှာပဲ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အာနိုးကို ခေါ်ယူဖို့က ထင်သလောက် လွယ်ကူမနေပဲ ကစားသမားကိုယ်တိုင်ကပါ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းဖို့ကိုသာ စိတ်အားထက်သန်နေတာကြောင့် အာနိုးကို မရလိုက်ဘူးဆိုရင် တခြား options တွေအနေနဲ့ ရီးယဲလ်ရဲ့ ပစ်မှတ်ထဲ ပတ်ဒရို ပေါ်ရိုပါ ပါဝင်လာနိုင်တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Transfermarket

အသက် (၂၅)နှစ်သာ ရှိသေးတဲ့ ညာနောက်ခံကစားသမား ပေါ်ရိုဟာ စပိန်လာလီဂါကလပ် ဂျီရိုနာအသင်းရဲ့ ကစားသမားဟောင်း ဖြစ်သလို ဗယ်လာဒိုးလစ်မှာလည်း အငှားကစားဖူးသူ ဖြစ်ပါတယ်။ စပိန် ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း စပို့တင်း လစ္စဘွန်းနဲ့ စပါးအသင်းတွေမှာသာ ကစားသမားဘဝရဲ့ အချိန်အများစုကို ဖြတ်သန်းခဲ့ရပါတယ်။

အခုဆိုရင်တော့ ပေါ်ရိုက ရီးယဲလ်လို လာလီဂါထိပ်သီး ကလပ်အသင်းကြီးနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေရပြီး အဲ့ဒီအပေါ်မှာ “ရီးယဲလ် မက်ဒရစ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတာကို ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒါတွေက ကျွန်တော် အလုပ်ကောင်းကောင်း လုပ်နေတယ်ဆိုတာကို ဆိုလိုနေတာပါပဲ။ သတင်းတွေထဲကအတိုင်း တစ်နေ့ကျရင်တော့ ဖြစ်လာမှာပါ။ ဒါပေမယ့် အခုကတော့ တော့တင်ဟမ်အတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။” လို့ ပေါ်ရိုက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version