MySport Myanmar

ကိန်းက ဘယ်အသင်းမှာမဆို အံ့ဝင်အောင် ကစားနိုင်တယ်လို့ ပေါ်ရို အမွှမ်းတင်

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ စပိန် ညာနောက်ခံကစားသမား ပတ်ဒရိုပေါ်ရိုက သူ့အသင်းဖော် တိုက်စစ်ကစားသမား ဟာရီကိန်းအနေနဲ့ ကမ္ဘာပေါ်က ဘယ် ကလပ်အသင်းမှာမဆို အံ့ဝင်ခွင်ကျဖြစ်အောင် ကစားနိုင်စွမ်း ရှိတယ်လို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Espana

အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စပါးအသင်းရဲ့ ဂိုးသွင်းအများဆုံး စံချိန်သစ်ကို ပိုင်ဆိုင်နိုင်ခဲ့ရပေမယ့်လည်း ဆုဖလား အောင်မြင်မှုတွေနဲ့က အလှမ်းဝေးနေသေးတာကြောင့် အသင်း အပြောင်းအလဲ လုပ်ဆောင်ဖို့ ဆန္ဒရှိနေပါတယ်။ လက်ရှိမှာတော့ ကိန်းကို ဘိုင်ယန်မြူးနစ်အသင်းက အတော်လေး အလိုရှိနေပြီး ကိန်းကိုယ်တိုင်ကလည်း ဘိုင်ယန်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့က စပါးအသင်းရဲ့ ဥက္ကဌ ဒန်နီရယ်လီဗီးအပေါ်မှာသာ ပိုမို မူတည်လို့နေပါတယ်။

Photo Credit : Evening Standard

လီဗီးက စပါးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ အသက် (၃၀)အရွယ် ကိန်းအတွက် ပေါင် သန်း(၁၀၀)လောက်အထိ အလိုရှိနေတာက ဘိုင်ယန်အတွက်ရော တခြားသော ကိန်းကို အလိုရှိနေတဲ့ ကလပ်အသင်းတွေအတွက်ပါ ခေါင်းခြောက်စေရပါတယ်။ ဒါပေမယ့် ပေါ်ရိုကတော့ ကိန်းအနေနဲ့ ဘယ်အသင်းကိုပဲ ရောက်သွားရောက်သွား အံ့ဝင်ခွင်ကျဖြစ်အောင် ကစားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ဟယ်ရီမှာက ကြီးမားလှတဲ့ အရည်အသွေးတွေနဲ့ သွင်းဂိုးတွေကို အနံ့ခံနိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတာမို့ ဒီလို ကစားသမားကောင်းမျိုးတွေက ဘယ်အခြေအနေမှာမဆို လိုက်လျောညီထွေစွာ လုပ်ဆောင်တတ်တယ်။”

“သူရဲ့ အတွေ့အကြုံ ၊ အရည်အသွေး ၊ လုပ်နိုင်ကိုင်စွမ်းတွေနဲ့ဆိုရင်တော့ ဟယ်ရီက ဘယ်အမှတ်ပေးလိဂ်က ဘယ်အသင်းနဲ့မဆို ကောင်းကောင်းကြီးကို လိုက်လျောညီထွေ ဖြစ်နေမှာပါ” လို့ ပေါ်ရိုက စပိန်မီဒီယာနဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Exit mobile version