ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တောင်ပံကစားသမားကြီး ပတ်ဒရိုကတော့ ဒီလအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းရဲ့ပွဲစဉ်တွေကို ရပ်နားထားရတဲ့အတွက် အသင်းက လာမယ့်ဇူလိုင်လလောက်မှာသာ ပွဲစဉ်တွေအားလုံး ပြီးဆုံးမှာဖြစ်လို့ အသင်းနဲ့ အခုရာသီကုန်တဲ့အထိ ဆက်လက်ရှိနေမှာဖြစ်ပြီး ရာသီကုန်ရင်တော့ ရိုးမားအသင်းဆီကို ပြောင်းရွှေ့တော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၃၂)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း တောင်ပံကစားသမား ပတ်ဒရိုဟာ ၂၀၁၅ခုနှစ်ကမှ ဘာစီလိုနာအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၅)နှစ် ကျင်လည်ခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ်ဖလား အက်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ပတ်ဒရိုဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာရခြင်း သိပ်မရှိတော့တာကြောင့် အသင်းနဲ့ သက်တမ်းကုန်ဆုံးမှာ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပြီး ရိုးမားအသင်းဆီ ပြောင်းရွှေ့ကစားတော့မှာပဲဖြစ်ပါတယ်။

Photo Credit : Sky Sports

Sky Sports ရုပ်သံရဲ့ ဖော်ပြချက်တွေအရ ပတ်ဒရိုဟာ ရိုးမားအသင်းကို အလွတ်ပြောင်းရွှေ့ကြေး ပြောင်းရွှေ့သွားဖို့ သဘောတူညီခဲ့တယ်လို့ သိရှိရပြီး ချယ်လ်ဆီးအသင်းနဲ့ ဒီနှစ်ဘောလုံးရာသီကုန်ဆုံးချိန်ထိ ပါဝင်ကစားပေးပြီးတာနဲ့ သူ့ကစားသမားဘဝမှာ လုံးဝမကျင်လည်ရဖူးသေးတဲ့ စီးရီးအေပြိုင်ပွဲဆီကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ဇွန်လအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပတ်ဒရိုနဲ့ နောက်ထပ်ဝါရင့်တောင်ပံကစားသမား ဝီလီယံတို့ကို ကာလတိုစာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ပြီး ဝီလီယံကိုလည်း အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးပမ်းနေကြောင်း နည်းပြလမ်းပတ်ကိုယ်တိုင် ဖွင့်ဟပြောဆိုထားပေမယ့် ပတ်ဒရိုကိုတော့ ရာသီကုန်တာနဲ့ အသင်းနဲ့ လက်တွဲဖြုတ်တော့မှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာမှာ ရပ်တည်လို့နေပြီး လက်ကျန်ပွဲစဉ်(၈)ပွဲအထိ ကစားရဦးမှာဖြစ်ကာ မန်စီးတီး ဝုလ်ဗ် လီဗာပူးလ်တို့နဲ့ ပွဲကျပ်တွေ ရင်ဆိုင်ရဦးမှာဖြစ်သလို အက်အေဖလားမှာလည်း လက်စတာနဲ့ ဆုံတွေ့နေကာ ဘိုင်ယန်နဲ့လည်း ချန်ပီယံလိဂ် ဒုတိယအကျော့ကို ကစားရဦးမှာဖြစ်ပါတယ်။