စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပီဒရီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယမြောက် ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရမှုမှာ သူ့ရဲ့ အပြစ်လည်း မကင်းကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာတို့က ချန်ပီယံလိဂ် အုပ်စု ဒုတိယမြောက် ပွဲစဉ်အဖြစ် ဂျာမန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဘိုင်ယန်မြူးနစ်က အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာနေး ၊ ဟာနန်ဒက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: AS English

ဘိုင်ယန်မြူးနစ်ရဲ့ အလိုင်းယန့်ဇ် အရီနာမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဧည့်သည် ဘာစီလိုနာက ကစားကွက်ပိုင်း အရ ပိုမို အသာစီး ရခဲ့ပေမယ့် အပိုင် ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာကြောင့် အပိုင် ဂိုးသွင်းခွင့်တွေကို အသုံးချနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်က ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲကို ရရှိသွားခဲ့တာပါ။

ဘိုင်ယန်မြူးနစ် ၂-၀ ဘာစီလိုနာပွဲစဉ်မှာ ဘာစီလိုနာက အပိုင် ဂိုးသွင်းခွင့် ၃ကြိမ် ရခဲ့ပြီး ကွင်းလယ်လူ ပီဒရီက ၂ကြိမ် ၊ တိုက်စစ်မှူး လီဝမ်ဒေါစကီးက အပိုင် ဂိုးသွင်းခွင့် ၁ကြိမ် အသီးသီး ရရှိခဲ့ပေမယ့် နှစ်ဦးစလုံးက ဂိုးသွင်းခွင့်တွေကို မသုံးချနိုင်ခဲ့ပဲ ပီဒရီကတော့ သူ့ရဲ့ အဆုံးသတ် ညံ့ဖျင်းမှုကြောင့် သူတို့အသင်းဟာ ရလဒ်ကောင်း မရခဲ့တာလို့ ယုံကြည်နေပြီး သူဟာ အပိုင် ဂိုးသွင်းခွင့်တွေကို သွင်းဂိုးတွေ အဖြစ် ပြောင်းလဲနိုင်ခဲ့သင့်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: AS English

ပီဒရီက – “ကျွန်တော်က အရမ်းကို ကောင်းမွန်တဲ့ အပိုင် ဂိုးသွင်းခွင့် ၂ကြိမ်တောင် ရခဲ့တာပါ။ ကျွန်တော်က အဲ့ဒီ အခွင့်အရေးတွေကို သွင်းဂိုးတွေ အဖြစ် ပြောင်းလဲနိုင်ခဲ့သင့်ပါတယ်။ ပြီးတော့ ကျွန်တော်က ဒီထက် ပိုပြီး တိုးတက်လာအောင် ကြိုးစားရပါဦးမယ်။ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ ရလဒ်ပိုင်းကို ယှဉ်ကြည့်လိုက်ရင် အတော်လေး ရင်နာစရာ ကောင်းပါတယ်” လို့ ဝမ်းနည်းစွာနဲ့ ရင်ဖွင့်သွားခဲ့တာပါ။