ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ ပတ်ဒရီက အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးရဲ့ နေရာမှာ ရေရှည် အစားထိုးနိုင်ဖို့အတွက် မန်စီးတီးရဲ့ ဂိုးသွင်းစက် နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းကို လိုချင်မိတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

စပိန် ကွင်းလယ်ကစားသမား ပတ်ဒရီဟာ မနေ့က စပိန် နာမည်ကျော် Game Streamer “Ibai Llanos” နဲ့အတူ Stream လွှင့်ရင်းနဲ့ ဘောလုံးအကြောင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောဆိုသွားခဲ့ကြပါတယ်။

Photo Credit : Barca Universal

အဲ့ဒီ Stream မှာ ပတ်ဒရ်ီက သူရဲ့ ဒဏ်ရာ ပြသာနာတွေအကြောင်းကို ပြောဆိုခဲ့ပြီး ဒဏ်ရာရနေချိန်မှာ တစ်ဦးတည်း လေ့ကျင်ခန်းတွေ ဆင်းနေရတုန်းက သူ့မှာ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုနဲ့ပါ ရင်ဆိုင်ခဲ့ရကြောင်းကိုပါ ရင်ဖွင့်သွားခဲ့ပါတယ်။

အဲ့ဒီ ဖြစ်နေချိန်မှာ သူရဲ့ အသင်းဖော်ဖြစ်သူ ဖယ်ရန် တောရက်စ်က သူ့ကို အများကြီး အကူအညီပေးခဲ့သလို တောရက်စ်ဟာလည်း မာကြောလှတဲ့ စိတ်ဓါတ်မျိုး ရှိသူဖြစ်ကြောင်း ပတ်ဒရီက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပတ်ဒရီက နောက်ထပ် အသင်းဖော် လီဝန်ဒေါစကီးနဲ့ ပတ်သက်တာကိုပါ ထပ်မံ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Barca Universal

“လီဝန်ဒေါစကီး နေရာမှာ အစားထိုးဖို့အတွက်ဆိုရင် ဟာလန်းကိုပဲ ကျွန်တော် ရွေးချယ်မိပါမယ်။ လီဝန်က ကျွန်တော်တို့နဲ့အတူ အသက် (၆၀)လောက်အထိ အတူ ကစားနိုင်မှာ မဟုတ်တော့လေ။ ဘာစီလိုနာအတွက် ကစားသမားတစ်ယောက်သာ ခေါ်ခွင့်ရမယ်ဆိုရင်တော့ ကျွန်တော်က ဟာလန်းကိုပဲ ရွေးမိမယ်။ နောက်ပြီး ဂျူလီယန် အယ်လ်ဗာရက်ဇ်ကိုလည်း သဘောကျမိတယ်။” လို့ ပတ်ဒရီက ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ပတ်ဒရီက သူ့အတွက် နေရာအလိုက် အကောင်းဆုံး ကစားသမား (၁၁)ယောက်က ဂိုး-တာစတီဂျန် ခံစစ် – အဲလ်ဗက်စ် ပီကေး ရာမို့စ် အယ်လ်ဘာ ကွင်းလယ် – ဘူးစကွက်စ် အင်နီယေစတာ ဇာဗီ တိုက်စစ် – နေမာ ရော်နယ်လ်ဒို မက်ဆီတို့ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။