ဘာစီလိုနာအသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ပတ်ဒရီက သူ့ကို ဒီနွေစျေးကွက်အတွင်း ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် ပတ်ဒရီ ကိုယ်တိုင်ကတော့ အသင်းပြောင်းဖို့ စိတ်မဝင်စားဘူးလို့ သိရှိရပါတယ်။

ပီအက်စ်ဂျီအသင်းက ဒီနွေမှာ ကွင်းလယ်လူ ဗာရက်တီကို လက်လွတ်ရဖို့ ရှိနေတာမို့ သူ့နေရာမှာ ပြန်အစားထိုးဖို့အတွက် ပီအက်စ်ဂျီ နည်းပြ လူးဝစ် အန်နရီကေးက သူရဲ့တပည့်ကျော် ပတ်ဒရီကို အလိုရှိနေတာပဲ ဖြစ်ပါတယ်။ အန်နရီကေးက သူရဲ့ ပီအက်စ်ဂျီအသင်းဆီ ဒမ်ဘီလီကိုရော ပတ်ဒရီကိုပါ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Photo Credit : French Football Weekly

ပီအက်စ်ဂျီက ဒီစျေးကွက်ထဲမှာ ကစားသမား ခေါ်ယူမှုတွေ အဆက်မပြတ် လုပ်ဆောင်ထားလျက် ရှ်နေပြီး ကွင်းလယ်ပိုင်းအတွက်ကိုလည်း ပတ်ဒရီလို ကြယ်ပွင့်လေး တစ်ဦးကိုပါ ထပ်မံ ချိန်ရွယ်ခဲ့ပါသေးတယ်။ တချို့သတင်းတွေမှာ ပတ်ဒရီအတွက် စာချုပ်လျော်ကြေးက ယူရို သန်းတစ်ရာလို့ ဖော်ပြထားပေမယ့် တကယ်တမ်းမှာတော့ ယူရို တစ်ဘီလီယံအထိ ရှိနေသလို ပတ်ဒရီ ကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း ဖွင့်ဟထားပါတယ်။

“ကျွန်တော့်ကို ဘာစီလိုနာအသင်းကနေ ခေါ်ထုတ်သွားဖို့ဆိုရင် အကြောင်းအရာတွေ အများကြီး လိုပါလိမ့်မယ်။ ကောလဟာလသတင်းတွေကို ကျွန်တော် စိတ်မဝင်စားပါဘူး။ ကျွန်တော် ဘာစီလိုနာအသင်းမှာပဲ ဆက်လက် ရှိသွားချင်ပါတယ်။”

Photo Credit : Onze Mondial

“ဘာစီလိုနာက ကျွန်တော့်ရဲ့ အိမ်မက် ကလပ်အသင်းပါ။ ကျွန်တော် ဒီမှာပဲ နှစ်ပေါင်းများစွာ ဆက်ရှိသွားမှာပါ။ ကျွန်တော့် ရည်မှန်းချက်ကတော့ ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင် တစ်ဦး ဖြစ်လာဖို့နဲ့ Spotify နူးကမ့်ကွင်းကြီးထဲမှာ ဘောလုံးကစားရဖို့ပါပဲ” ပတ်ဒရီက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

လာမာစီယာ အကယ်ဒမီထွက် စပိန် လက်ရွေးစင် ကွင်းလယ် ကစားသမား ပတ်ဒရီဟာ လက်ရှိမှာ အသက် (၂၀)အရွယ်သာ ရှိနေသေးပေမယ့်လည်း ဘာစီလိုနာအသင်းအတွက် ဘောလုံးရာသီ (၃)ရာသီအထိ ပါဝင်ထားရင်း ပွဲပေါင်း (၁၀၉)ပွဲအထိ ကစားပေးထားနိုင်သလို ဘာစီလိုနာရဲ့ ကွင်းလယ်ပိုင်းမှာပါ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်နေရပါတယ်။