စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား ပီဒရီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ ဘီလ်ဘာအိုအသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ပွဲစဉ်မှာ ဂုဏ်ယူစရာ ကောင်းတဲ့ စံချိန်တစ်ခုကို ရရှိခဲ့သလို သူ့ရဲ့ တိုးတက်နိုင်စွမ်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဘီလ်ဘာအိုအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ကားလို့စ် ဒယ် ဆယ်ရို ကွင်းကြီးထဲမှာ ကစားခဲ့ရတဲ့ အဆိုပါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းဟာ နှစ်ဂိုး သုံးဂိုး ဆိုတဲ့ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ ပီဒရီဟာ အသင်းရဲ့ ဘယ်ခြမ်း ကွင်းလယ် ကစားသမား အဖြစ် ကစားခဲ့ကာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ်နိင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ဘီလ်ဘာအိုအသင်းနဲ့ ပွဲစဉ်မှာ တစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီး ဆိုတဲ့ စွမ်းဆောင်ရည်ကောင်းကြောင့် ပီဒရီဟာ ဘီလ်ဘာအိုအသင်းရဲ့ ကွင်းထဲမှာ ကစားခဲ့တဲ့ လာလီဂါပွဲစဉ် တစ်ပွဲထဲမှာ သွင်းဂိုး + ဂိုးဖန်တီးမှု နှစ်ခုစလုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိခဲ့ကြောင်း သိရှိရပါတယ်။ ပီဒရီဟာ ဘီလ်ဘာအိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသက် ၁၈နှစ်နဲ့ ၄၂ရက်သာ ရှိသေးကာ ယခုလို စံချိန် ရရှိတာဟာ သူ့အတွက်ရော ဘာစီလိုနာ အသင်းအတွက်ပါ အတော်လေး ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဘီလ်ဘာအို အသင်းဟာ စပိန်ဘောလုံး လောကရဲ့ သက်တမ်းရင့် ဘောလုံးအသင်း တစ်သင်း ဖြစ်သလို သူတို့အသင်းရဲ့ Basque ဒေသခံ မဟုတ်တဲ့ ကစားသမားတွေကို အသင်းမှာ ပေးမကစားတဲ့ အစဉ်အလာဟာလည်း အတော်လေးကို လေးစားစရာ ကောင်းပါတယ်။

Photo Credit: Euro Sports

အခုလို စံချိန်ကောင်း တစ်ခုကို ရရှိခဲ့တာဟာ ဘာစီလိုနာ အသင်းမှာ ပီဒရီရဲ့ အနာဂတ်ဟာ ဘယ်လောက် အတိုင်းအတာ အထိ ရှိနေသလဲ ဆိုတာကို သက်သေ ပြနေပြီး စပိန် ဘောလုံး ကျွမ်းကျင်သူတွေ ကတော့ ပီဒရီဟာ အင်နီယေစတာ နောက်ပိုင်းမှာ ပျောက်ဆုံးနေတဲ့ ဘာစီလိုနာ ကွင်းလယ်ပိုင်းရဲ့ အခွင့်အရေး ဖန်တီးမှုတွေကို ယူဆောင်လာပေးမယ့် ကစားသမားလို့ ချီးကျူးနေကြပါတယ်။ ပီဒရီဟာ အသက် ၁၈နှစ်နဲ့ ၄၂ရက်သာ ရှိသေးပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းအတွက် လာလီဂါ ပြိုင်ပွဲမှာ ၁၀၃၁ မိနစ် အထိ ကစားပေးထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားပါတယ်။ ပီဒရီဟာ ငယ်ရွယ်သေးသလို သူ့ရဲ့ ဘောလုံးကျွမ်းကျင်မှု ၊ ရိုးရိုးကုပ်ကုပ် နေထိုင်တတ်မှု ၊ စီနီယာ ကစားသမားတွေနဲ့ ဆက်ဆံရေး ကောင်းမွန်မှု ၊ ဘောလုံးအမြင် စတဲ့ အရာတွေဟာ အတော်ကို ကောင်းမွန်တာကြောင့် အနာဂတ်မှာ ဘာစီလိုနာ အသင်းအတွက် အားထားရတဲ့ ကစားသမား ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။