ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ ပတ်ဒရီက သူတို့ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှစ်နှစ်ဆက်တိုက် ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲဆီ ရောက်ရှိသွားရခြင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ အဆင့်သင့် မဖြစ်သေးတာကို သက်သေပြနေခြင်းသာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ဘာစီလိုနာအသင်းဟာ မနေ့ညက ဘိုင်ယန်မြူးနစ်အသင်းကို နူးကမ့်မှာ (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပေမယ့် ဒီပွဲစဉ်မတိုင်ခင်မှာပဲ အင်တာမီလန်က ဗစ်တိုးရီးယားပယ်လ်ဇန်ကို အနိုင်ရလိုက်တာကြောင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ်ကနေ (၂)နှစ်ဆက်တိုက် ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲဆီကို ရောက်ရှိသွားခဲ့ရပါတယ်။ ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်ကတော့ အသင်းသားတွေအနေနဲ့ ဘိုင်ယန်နဲ့ပွဲ မကစားခင်ကည်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေခဲ့ရတာကြောင့် အခုလို ဘိုင်ယန်ကို ယှဉ်ကစားနိုင်ခြင်း မရှိခဲ့ရတာလို့ ဝန်ခံပြောဆိုခဲ့သလို ပတ်ဒရီလည်း သူတို့အသင်းက ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ဖို့ အဆင့်သင့် ဖြစ်မနေဘူးလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Meridiano

“ဒါဟာ ကျရှုံးမှုပါပဲ။ သေချာပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်မှာ ဆက်လက် ကစားဖို့ မထိုက်တန်တာကြောင့် ကျွန်တော်တို့အသင်းဟာလည်း ချန်ပီယံလိဂ်ကို အုပ်စုအဆင့်ကနေ ထွက်ခွာသွားခဲ့ရပါပြီ။ ကျွန်တော်တို့က တိုးတတ်မှုတွေ ရှိနေတဲ့ လူငယ် အသင်းတစ်သင်းဖြစ်ပြီးတော့ ကောင်းမွန်တဲ့ ခေါ်ယူမှုတွေကိုလည်း ပြုလုပ်ထားခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ဖို့ မလုံလောက်သေးသလို စိတ်ပျက်စရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့မှာ အရာအများကြီး မရှိပေမယ့် ကိုယ့်ကိုကိုယ် ပြန်လည် ဝေဖန်သုံးသပ်ဖို့တော့ လိုပါတယ်။ မြူးနစ်မှာ ကျွန်တော်တို့ ပိုထိုက်တန်တာ အမှန်ပါ။ မီလန်မှာလည်း အခြအနေတချိ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ဖြစ်ပျက်ခဲ့တာကို တွေ့လိုက်ရတော့ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ဖို့ အဆင့်သင့် မဖြစ်သေးတာကို သိလိုက်ရတယ်။ ကျွန်တော်တို့ တိုက်စစ်ဆင်ဖို့အတွက် ဘောလုံးရထားချိန်မှာ တည်ငြိမ်နေဖို့ လိုပါတယ်။ ဒါက ကျွန်တော်တို့ တိုးတတ်ဖို့ လိုအပ်နေတဲ့ ကြီးမားတဲ့ အရာပါပဲ” လို့ ပတ်ဒရီက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။