ဘာစီလိုနာအသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမားလေးနှစ်ဦးဖြစ်တဲ့ ပတ်ဒရီ နဲ့ ဂါဗီတို့ဟာ လာမဲ့တစ်ပတ် အိုးထရက်ဖို့ဒ်ကွင်းမှာ ထပ်မံ ကစားသွားရမဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်သွားရတော့မယ်လို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

လာမာစီယာ အကယ်ဒမီထွက် ကစားသမားလေး (၂)ဦးဟာ တစ်ဖက်ကို (၂)ဂိုးစီ သရေကျခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပွဲထွက် ကစားသမားတွေအဖြစ် ပါဝင်ခဲ့ရင်းနဲ့ ကွင်းလယ်လူ ပတ်ဒရီက ပထမပိုင်း ပွဲကစားချိန် (၄၀)လောက်မှာပဲ ပေါင်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်လက် ကစားနိုင်ခြင်း မရှိတော့ပဲ ဆာဂျီရောဘတ်တိုနဲ့ လူစားလဲခဲ့ရပါတယ်။ ဒဏ်ရာ အခြေအနေကို စစ်ဆေးနေဆဲဖြစ်ပေမဲ့လည်း ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရဖို့က သေချာသလောက်နီးပါး ရှိနိုင်တယ်လို့ သိရပါတယ်။

Image

ပတ်ဒရီရဲ့ အသင်းဖော် ကစားသမားဖြစ်သူ ဂါဗီကတော့ ဘာစီလိုနာအတွက် ပွဲချိန်ပြည့်အထိ ပါဝင်ကစားသွားရင်းနဲ့ ပွဲကစားချိန် (၇၃)မိနစ်မှာ အဝါကတ်ထိသွားခဲ့တာကြောင့် ဥရောပွဲ (၃)ပွဲ အဝါကတ်ထိရင် တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရမှာဖြစ်လို့ ဒုကျော့ကို လွဲချော်ရပြီ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းကတော့ အခု ပထမအကျော့ပွဲမှာ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ထားရတဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ကွင်းလယ်လူ ဆာဘစ်ဇာတို့ ဒုကျော့မှာ ပြန်ပါလာနိုင်မှာဖြစ်လို့ အသင်းရဲ့ ခံစစ်က ပိုအားကောင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ် weekend မှာ နှစ်သင်းလုံးက အမှတ်ပေးပွဲတွေ ကစားရဦးမှာဖြစ်လို့ ဒီပွဲတွေမှာ ဘယ်အသင်းက ဒဏ်ရာရ ကစားသမားတွေ ရှိသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Image

Photo Credit : Twitter

ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်ကတော့ ချန်ပီယံလိဂ် ပွဲတစ်ပွဲလို vibe မျိုး ပေးစွမ်းနိုင်ခဲ့တဲ့အပြင် အပြန်အလှန်ဂိုးတွေ မြင်တွေ့့ခဲ့ရတဲ့ ဒုတိယပိုင်း ပွဲကစားချိန်ကတော့ ပွဲကြည့် ပရိသတ်တွေအတွက် ရင်ခုန် စိတ်လှုပ်ရှားမှုတွေကို အပြည့်အဝ ပေးစွမ်းသွားနိုင်ခဲ့ပါတယ်။