လေဗာကူဆင်အသင်းကတော့ ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့အတွက် စိတ်ဝင်စားခြင်းခံနေရတဲ့ သူတို့ရဲ့ကြယ်ပွင့်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သူတို့ဘက်ကနေ အလိုရှိနေတဲ့ တန်ကြေးအတိုင်းနဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ကမ်းလှမ်းမှုကို လက်ခံသွားမှာဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ တန်ကြေးထက် လျော့နည်းစွာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဟားဗက်ဇ်ကို အသင်းကနေ ရောင်းထုတ်စရာ ဘာအကြောင်းမှမရှိဘူးလို့ သတိပေးစကားဆိုလာခဲ့ပါတယ်။

Photo Credit : Football.London

နွေစျေးကွက်မတိုင်ခင်ကတည်းက ဟာကင်ဇီယက်ရှ်နဲ့ တီမိုဝါနာတို့လို ကစားသမားကောင်းတွေ ခေါ်ယူထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ တတိယမြောက် ကစားသမားသစ်အဖြစ် ဂျာမန်လက်ရွေးစင် ကြယ်ပွင့်ကစားသမား ဟားဗက်ဇ်ကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဆွေးနွေးညှိနှိုင်းမှုတွေက အဆင်မပြေနိုင်သေးတဲ့အတွက် အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ ကြန့်ကြာနေခဲ့ရတာဖြစ်ပြီး ချယ်လ်ဆီးဘက်ကနေ ကနဦးကမ်းလှမ်းထားခဲ့တဲ့ ပေါင်(၆၉)သန်းတန် ကမ်းလှမ်းမှုကိုလည်း လေဗာကူဆင်ဘက်ကနေ ပယ်ချခဲ့ပြီး သူတို့လိုချင်နေတဲ့ ပမာဏထက်လျော့နည်းနေတယ်လို့ တုန့်ပြန်လာခဲ့ပါတယ်။

Photo Credit : Football.London

လေဗာကူဆင်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ရူဒီဗောင်လာက သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်းတစ်ရာ(ပေါင်သန်း၉၀)လောက်အထိကို လိုချင်နေတာဖြစ်ပြီး အဲ့ဒီပမာဏဝန်းကျင်လောက်ရှိတဲ့ ကမ်းလှမ်းမှုမျိုးနဲ့မှသာ လက်ခံနိုင်မှာဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ရူဒီဗောင်လာက “ကိုင်းလ်ကို ရောင်းချသွားဖို့က ကြိုတင်အစီအစဉ်တွေ မရှိပါဘူး။ သူရဲ့ဘောလုံးစွမ်းရည်နဲ့ အရည်အချင်းတွေကြောင့်သာ ကလပ်အသင်းတွေများစွာကနေ သူ့ကို စိတ်ဝင်စားလာခဲ့တာပါ။ သူ့ကို ကလပ်အသင်းတော်တော်များများက စိတ်ဝင်စားနေကြတယ်ဆိုတာလည်း သိထားပါတယ်။ အထူးသဖြင့်ဆိုရင်တော့ ချယ်လ်ဆီးအသင်းပေါ့။ ဒါပေမယ့် ကျွန်တော်တို့အသင်းအတွက် ဒီအခြေအနေက ရိုးရှင်းပါတယ်။ သူက အသင်းမှာ စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေသေးတယ်။ သူ့ကို လိုချင်တယ်ဆိုရင်တော့ ကျွန်တော်သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် အဆင်ပြေနိုင်မယ်။ ဒီလိုမှမဟုတ်ရင်လည်း သူလည်း နောက်တစ်ရာသီအထိ ကျွန်တော်တို့အသင်းမှာ ဆက်လက်ရှိနေနိုင်မယ်။ ဒါဆိုရင်တော့ ပျော်စရာကောင်းမှာပေါ့” လို့ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဟားဗက်ဇ်ဟာ လေဗာကူဆင်အသင်းနဲ့အတူ ယူရိုပါလိဂ်ပွဲစဉ်တွေကို ပါဝင်ဆင်နွဲလျက်ရှိနေပြီး လေဗာကူဆင်အသင်းဟာလည်း ကွာတားဖိုင်နယ်မှာ အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။