ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နောက်ခံလူ တဦး ဖြစ်သူ ပါဗတ်က ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းခွင့် ပေးဖို့ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေထံ ဖိအားပေး တောင်းဆိုနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ခံစစ်မှူး ပါဗတ်က ညာနောက်ခံ ၊ ဗဟိုခံစစ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်က ၁နှစ်သာ သက်တမ်း ကျန်ပါတော့တယ်။

Photo Credit: Team Talk

ပါဗတ်က နေရာစုံမှာ ကစားနိုင်စွမ်း ရှိသလို အရည်အသွေးမြင့် ခံစစ်မှူး တဦး ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ပါဗတ်ကတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အတွက် ဂျာမန်လိဂ်ကို စွန့်ခွာကာ နိုင်ငံသစ် တခုဆီ ပြောင်းရွှေ့ ကစားချင်နေပါတယ်။

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ရောင်းချဖို့ သဘောတူထားတာကြောင့် မက်ဂွိုင်းယားရဲ့ နေရာကို အစားဝင်နိုင်မယ့် ခံစစ်မှူးသစ်ကို ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်က နိုက်စ်ခံစစ်မှူး တော်ဒီဘိုး ၊ လေဗာကူဆင် ခံစစ်မှူး တပ်ဆိုဘားနဲ့ ပါဗတ်တို့ကို သူ့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပြီး ပါဗတ်ဟာ တန်ဟက်ဂ်ရဲ့ နံပါတ်၁ပစ်မှတ် ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်က ပါဗတ်အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပါဗတ်က ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အလွန် စိတ်အားထက်သန်နေပြီး သူ့ကို ယူနိုက်တက်ဆီ ပြောင်းခွင့် ပေးဖို့ ဘိုင်ယန်မြူးနစ်ထံ ဖိအားပေး တောင်းဆိုနေကာ မန်ချက်စတာ ယူနိုက်တက်ဟာ ပါဗတ်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံ လုပ်ဆောင်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။