ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နောက်ခံလူ တဦး ဖြစ်သူ ပါဗတ်က သူဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ထပ်ချုပ်ဖို့ ဆွေးနွေးမှုတွေ မရှိသလို သူနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ လမ်းခွဲကို မကြာခင် မြင်တွေ့ရနိုင်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဘန်ဂျမင် ပါဗတ်က ၂၀၁၉ခုနှစ်မှာ စတုဂတ်ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ တနှစ်ကျော်သာ သက်တမ်း ကျန်ရှိပါတော့တယ်။

Photo Credit: The Sun

ပါဗတ်က စတုဂတ်ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ယခုချိန်အထိ စကားစခြင်း မရှိသေးသလို ပါဗတ်ကလည်း သူ့ကို အလေးမထားတဲ့ ဘိုင်ယန်မြူးနစ်မှာ ဆက်လက် ကစားဖို့ တွေဝေနေပါတယ်။

ဒါကြောင့်ပဲ ပါဗတ်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘိုင်ယန်မြူးနစ်ဟာ သူ့ကို စာချုပ်သစ် မကမ်းလှမ်းထားသလို သူကလည်း ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာချိန် တန်ပြီလို့ တွေးမိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Sun

ပါဗတ်က – “ကျွန်တော်နဲ့ အသင်းကြားမှာ စာချုပ်သစ် အတွက် ခိုင်မာတဲ့ စကားပြောဆိုမှုတွေ မရှိသေးပါဘူး။ ကျွန်တော်က ဘိုင်ယန်မြူးနစ် အပေါ် လေးစားမှု အပြည့် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က အသင်းသစ် ရှာဖို့လည်း တွေဝေနေမှာ မဟုတ်ပါဘူး။ အခုချိန်က ကျွန်တော့်အတွက် ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာဖို့ အကောင်းဆုံးအချိန် ဖြစ်နိုင်ပါတယ်။ ကျွန်တော်က ဘာကြောင့် နိုင်ငံသစ် တခုဆီ မပြောင်းရွှေ့ရဲရမှာလဲ။ မှန်ကန်တဲ့ ပရောဂျက် တခုသာ ရှိမယ် ဆိုရင် ကျွန်တော်က အဲ့ဒီအသင်းဆီ ပြောင်းဖို့ အဆင်သင့်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။

ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ပါဗတ်ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ဖူးပြီး အကယ်၍ ပါဗတ်ကသာ ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာချင်ရင် ချယ်လ်ဆီးက ပါဗတ်ကို ဒုတိယအကြိမ် ထပ်မံ ကမ်းလှမ်းလာနိုင်ပါတယ်။

Photo Credit: The Sun