အင်တာမီလန်အသင်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံ ကစားသမား ဘင်ဂျမင် ပါဗက်ကို တရားဝင် ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်ထားပြီး ပါဗက် ကိုယ်တိုင်ကလည်း ဘိုင်ယန်ကနေ ထွက်ခွာချင်တာမို့ အင်တာအသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

ပြင်သစ်အသင်းနဲ့ပါ ကမ္ဘာ့ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ပါဗက်က ဒီနွေမှာပဲ ဘိုင်ယန်နဲ့ လမ်းခွဲသွားချင်နေပြီး သူ့ကိုလည်း မန်ချက်စတာ ယူနိုက်တက်အသင်းက ဟယ်ရီ မက်ဂွိုင်းယားနေရာမှာ အစားထိုးဖို့အတွက် ပစ်မှတ်ထား ကမ်းလှမ်းခဲ့ပါသေးတယ်။

Photo Credit : Twitter

ဒါပေမယ့် ယူနိုက်တက်ရဲ့ ကနဦး ကမ်းလှမ်းချက်ကို ဘိုင်ယန်ဘက်က ပယ်ချထားခဲ့သလို လက်ရှိမှာလည်း မက်ဂွိုင်းယားက ဝက်စ်ဟမ်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့တာကြောင့် ပါဗက်ကို ခေါ်ယူဖို့က ခက်ခဲသွားခဲ့ရပါတယ်။

ဒီအချိန်မှာ ကစားသမားသစ် တင်းဘားကို ကာလရှည်ကြာ အနားပေးရတော့မယ့် အာဆင်နယ်အသင်းဟာလည်း ပါဗက်ကို တင်းဘားနေရာ အစားထိုးဖို့ စဉ်းစားလာပေမယ့် လက်ရှိမှာတော့ အင်တာမီလန်အသင်းကသာ ပါဗက်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

Photo Credit : Twitter

အင်တာမီလန်က ပါဗက်အတွက် ကနဦး ကမ်းလှမ်းမှုအဖြစ် ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း + အပိုဆုကြေးဆိုတဲ့ package မျိုးနဲ့ ကမ်းလှမ်းထားပေမယ့်လည်း ဘိုင်ယန်ဘက်ကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀)ခန့် အနည်းဆုံး လိုချင်နေပြီး အပိုဆုကြေးပါ ထည့်သွင်း ကမ်းလှမ်းမှ လက်ခံဖွယ် ရှိနေပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေပေမယ့် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်ထဲမှာတော့ အပြောင်းအရွှေ့ ဖြစ်လာဖို့အတွက်က တဖြည်းဖြည်း နီးစပ်လာနေပြီဖြစ်ပြီး ဒီကနေ့မှာလည်း ဆွေးနွေးမှုတွေကို ထပ်မံ ပြုလုပ်သွားဦးမယ်လို့ သိရပါတယ်။