ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံ ကစားသမား ပါဗက်ကတော့ ယနေ့ည၊ သန်ခေါင်ယံ၊ (၁း၃၀) အချိန်မှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ရှုံးနိမ့်ဖို့ လုံးဝ မတွေးထားလို့ ပြောခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ ကစားဖို့ ကြောက်တယ် ဆိုရင် အိမ်မှာပဲ နေခဲ့လိုက်ပါလို့ ပြောသွားခဲ့ပါတယ်။ နည်းပြ ဟန်ဆစ် ဖလစ်ခ်ရဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ကစားခဲ့စဉ်က ဘာစီလိုနာအသင်းကို (၈-၂) ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တဲ့ ပွဲစဉ် အပါအဝင် နောက်ဆုံး ကစားခဲတဲ့ ပြိုင်ပွဲစုံ (၂၀) ပွဲဆက် ရှုံးပွဲ မရှိခဲ့ဘဲ နိုင်ပွဲ မဟုတ်ရင် သရေရလဒ်ကိုသာ ရယူလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: as.com

ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ ချန်ပီယံလိဂ် ဆုဖလား (၅) ကြိမ် ရရှိနိုင်ခဲ့တာကြောင့် ယနေ့ညမှာ ကစားသွားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီအသင်းကိုသာ အနိုင်ရရှိမယ် ဆိုရင် ချန်ပီယံလိဂ် (၆) ကြိမ်မြောက် ရရှိမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာ၊ အမ်ဘာပေ နဲ့ ဒီမာရီယာတို့ရဲ့ တိုက်စစ်ဆင်ကစားမှုကြောင့် အလွန် အန္တရယ်များတဲ့ အသင်း ဖြစ်ပေမယ့် ဘိုင်ယန် နောက်ခံလူ ပါဗက်က ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းနဲ့ ကစားရမှာ ကြောက်နေတယ် ဆိုရင် အိမ်မှာပဲ နေခဲ့လိုက်လို့ ပြောခဲ့ပါတယ်။

Photo Credit: as.com

RMC သတင်းမှာ ပါဗက်က “ပီအက်စ်ဂျီအသင်းက အသင်းကောင်း ဖြစ်ပြီး နေရာတိုင်း အားလုံးမှာ ပြီးပြည့်စုံကြပါတယ်။ သူတို့က ခေါ်ယူခဲ့တဲ့ ကစားသမားကောင်းတွေနဲ့ ကောင်းစွာ ကစားခဲ့တယ်။ ကျွန်တော့်ရဲ့ အမြင်က ဗိုလ်လုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း၊ ရီးရဲလ်မက်ဒရစ်အသင်း ဒါမှမဟုတ်ရင် ဘယ်အသင်းနဲ့ ဖြစ်ဖြစ် ကစားမှာ ကြောက်နေတယ် ဆိုရင် အိမ်မှာနေတာက ကောင်းပါလိမ့်မယ်။ လူဆိုတာ တွေးချင်တာ လွတ်လပ်စွာ တွေးခွင့်ရှိပါတယ်။ ကျွန်တော်တို့ ပြင်ဆင်ကစားသွားရမယ့် ဗိုလ်လုပွဲစဉ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ရလဒ်၊ ကစားပုံ၊ နည်းပြနဲ့ ပက်သက်ပြီး ကျွန်တော်တို့ တည်ငြိမ်ပါတယ်။ အသင်းမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ကျွန်တော် ယူဆမိပါတယ်။ ဗိုလ်လုပွဲစဉ်ကို တက်ပြီး ရှုံးနိမ့်ဖို့ကို ကျွန်တော် လုံးဝ မတွေးပါဘူး”လို့ ပြောသွားခဲ့ပါတယ်။