ဘိုင်ယန်အသင်းရဲ့ နောက်ခံ ကစားသမား ပါဗက်ကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကမ္ဘာ့ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ပြောခဲ့ပြီး ဘိုင်နယ်မြူးနစ်အသင်းနဲ့ အတူ မကြာခင်မှာ ချန်ပီယံလိဂ် ဆုဖလားကို နောက်တစ်ကြိမ် ပြန်ရနိုင်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။ နောက်ခံလူ ပါဗက်ဟာ (၂၀၁၉) ခုနှစ် ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ စတုဂတ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို (၅) နှစ်ကြာ စာချုပ်နဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး (၂၀၁၈) ခုနှစ် ရုရှား ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့ အတူ ကမ္ဘာ့ ဖလား ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Allfootball

ဘိုင်ယန်မြူးနစ်အသင်းဟာ ယူအီအက်ဖ်အေ ချန်ပီယံလိဂ် ဆုဖလားကို (၅) ကြိမ် ရယူနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ (၁၉၇၃-၇၄) ခုနှစ်၊ (၁၉၇၄-၇၅) ခုနှစ် ၊ (၁၉၇၅-၇၆) ခုနှစ်မှာ ချန်ပီယံလိဂ် ဆုဖလားကို (၃) နှစ်ဆက်တိုက် ရရှိနိုင်ခဲ့တဲ့ ဂျာမနီနိုင်ငံက အအောင်မြင်ဆုံး ဘောလုံးအသင်း ဖြစ်ပါတယ်။ နောက်ခံလူ ပါဗက်အနေနဲ့ ပထမတန်း လိဂ် ဖလားကို တစ်ကြိမ်မှ မရခဲ့ဖူးပေမဲ့လည်း စတုဂတ်အသင်းမှာ ကစားခဲ့စဉ်က ဒုတိယတန်း ဘွန်ဒက်စ်လီဂါ ဆုဖလားကို ရယူခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းကို ရောက်လာတဲ့ အချိန်မှာတော့ ချန်ပီယံလိဂ် ဆုဖလား ရရှိဖို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit: Allfootball

နောက်ခံလူ ပါဗက်ဟာ လက်ရှိရာသီမှာ နူအာ နဲ့ ကင်မစ်ချ်ပြီးရင် တတိယ ပွဲထွက် အများဆုံး ကစားသမား ဖြစ်တာနဲ့ ပက်သက်ပြီး ဘယ်လို ခံစားရသလဲလို့ Magazine 51 က မေးမြန်းတဲ့ အချိန်မှာ သူက “တကယ်လို့ ဒီအကြောင်းကို တစ်ယောက်ယောက်က ပြီးခဲ့တဲ့ နွေရာသီမှာ ပြောခဲ့မယ်ဆိုရင် ကျွန်တော် မယုံကြည်စွာနဲ့ ခေါင်းခါမိမှာပါ။ ဒါပေမဲ့လည်း ကျွန်တော် ဘိုင်ယန်အသင်းကို ပြောင်းဖို့ ပြင်ဆင်ခဲ့ပြီး ဘိုင်ယန်အသင်းကို ရောက်ရှိတဲ့ ပထမဆုံးနေ့ ကတည်းက ဒီအသင်းမှာ ကိုယ့်ကိုကိုယ် တိုးတတ်လာနိုင်တယ်လို့ ခံစားခဲ့ရပါတယ်။ ဖြစ်သမျှ အားလုံးဟာ အိပ်မက်လိုပါပဲ။ ကျွန်တော့်အတွက်ကတော့ ဘိုင်ယန်အသင်းက ကမ္ဘာ့ အကောင်းဆုံး အသင်းဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေ ရှိကြပါတယ်။ ဘိုင်ယန်အသင်းက မကြာခင်မှာ ချန်ပီယံလိဂ် ဆုဖလားကို ပြန်ရမယ်လို့ ကျွန်တော် ပြောရဲပါတယ်”လို့ ပြောကြားသွားပါတယ်။