အီတလီစီးရီးအေရဲ့ လက်ရှိချန်ပီယံဖြစ်သလို စီးရီးအေပြိုင်ပွဲမှာ အင်အားအကြီးမားဆုံး ကလပ်အသင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ သူတို့ရဲ့တိုက်စစ်မှူးဟောင်း အဲဗာရိုမိုရာတာကို ပြန်လည်ခေါ်ယူခဲ့သလို တိုက်စစ်အားသန်တဲ့ တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကူလူဆက်စကီးနဲ့ ချီယေဇာတို့ကိုပါ ခေါ်ယူအားဖြည့်ခဲ့တာကြောင့် လက်ရှိအသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်တဲ့ ပေါ်လိုဒီဘားလားက သူရဲ့နေရာ ပျောက်ဆုံးလာနိုင်ရသလို အနာဂတ်အခြေအနေတွေလည်း ပြန်လည်လှုပ်ခတ်လာနိုင်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၆)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ လက်ရှိမှာ ကြွက်သားဒဏ်ရာနဲ့ ဝမ်းဗိုက်နာကျင်မှုတွေကြောင့် အသင်းရဲ့စီးရီးအေအဖွင့်ပွဲစဉ်တွေကို လွဲချော်ထားခဲ့ရပြီး သူမပါဝင်နိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ကစားသမားသစ် ကူလူဆက်စကီးက ဝင်ရောက်ကစားခဲ့ကာ ရော်နယ်ဒိုနဲ့တွဲဖက်ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ညာတောင်ပံနေရာမှာ ပါဝင်ကစားသူဖြစ်တဲ့ ကူလူဆက်စကီးက အသင်းနဲ့ အံ့ဝင်အောင် ခြေစွမ်းပြနိုင်တဲ့အပြင် နွေစျေးကွက်နောက်ဆုံးရက်မှာပါ နောက်ထပ်ညာတောင်ပံကစားသမားဖြစ်တဲ့ ချီယေဇာကိုပါ ထပ်မံခေါ်ယူလိုက်တာကြောင့် ဒီဘားလားရဲ့နေရာအတွက် ခြိမ်းခြောက်မှုတွေ အရမ်းများလာခဲ့ရပါတယ်။

Photo Credit : Daily Mail

ဂျုဗင်တပ်စ်အသင်းအနေနဲ့ တိုက်စစ်မှာ ကစားသမားအသုံးပြုမှုအဖြစ် အဓိက ကစားသမား ရော်နယ်ဒိုကို ဘယ်ခြမ်းမှာ အသုံးပြုပြီး မိုရာတာကို အထောင်တိုက်စစ်နေရာမှာ သုံးကာ ဒီဘားလားကိုတော့ ညာခြမ်းမှာ အသုံးပြုလာနိုင်ပေမယ့် အခုက အသင်းမှာ ကူလူဆက်စကီးရော ချီယေဇာပါ ရောက်လာခဲ့သလို ဘာနာဒက်စကီးလည်း ရှိနေသေးတဲ့အတွက် ဘယ်ကစားသမားတွေကို ဂျုဗင်တပ်စ်နည်းပြ ပီယာလိုက ကစားကွက်ကနေ ချန်လှပ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ လက်ရှိအချိန်မှာတော့ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက နိုင်ငံတကာရက်သတ္တပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာကြောင့် ခရိုတိုနီအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် စီးရီးအေပွဲစဉ်ကို လွဲချော်ရဖို့ ရှိနေတာကြောင့် ဒီဘားလားအနေနဲ့ ပြန်လည်နေရာရလာဖွယ် ရှိပါတယ်။ ဒါပေမယ့် အသင်းရဲ့တိုက်စစ်မှာ ပုံမှန်နေရာရဖို့ကတော့ အာမခံချက် ပေးနိုင်ဖွယ်မရှိတာကြောင့် ဒီဘားလားအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စကို ပြန်လည်စဉ်းစားလာဖွယ်ရှိပြီး လာမယ့်စျေးကွက်အသင်းမှာ အသင်းနဲ့ လမ်းခွဲရဖွယ် ရှိလာနိုင်ပါတယ်။