MySport Myanmar

အာဆင်နယ်အပယ်ခံ ပါတေးကို ခေါ်ယူဖို့ တန်ဟက်ဂ်အား အကြံပေးလိုက်တဲ့ ပေါအင့်စ်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို နည်းပြတဦး အဖြစ် အသက်မွေးနေတဲ့ ပေါလ်အင့်စ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးရဲ့ အရန်အဖြစ် အာဆင်နယ်ကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ သောမတ်စ် ပါတေးကို ခေါ်ယူသင့်ကြောင်း ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကို အကြံပေးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင် အထိ သုံးစွဲကာ ခေါ်ယူထားပေမယ့် ရှိရင်းစွဲ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဖရက်ဒ် ၊ တော်မီနေးနဲ့ ဗန်ဒီဘိခ်တို့ကို ရောင်းချဖြစ်ပါက နောက်ထပ် ခံစစ်အားသန် ကွင်းလယ်လူ တဦးကို ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: Football 365

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘက်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး အမ်မရာဘက်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသလို ဖီအိုရင်တီးနားကလည်း အမ်မရာဘက်ကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် ရရင် ရောင်းချမှာပဲ ဖြစ်ပါတယ်။

တဖက်မှာတော့ အသက် ၃၀ အရွယ် ဂါနာလက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား သောမတ်စ် ပါတေးက ယခု နွေဈေးကွက် အတွင်းမှာ အာဆင်နယ် ကနေ ထွက်ခွာခွင့် ရထားသူ ဖြစ်ပြီး ပါတေးက သူ့ရဲ့ အသင်းသစ်ကို စတင် ရှာဖွေနေကာ အာဆင်နယ်ကတော့ ပါတေးအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင် လိုချင်နေပါတယ်။

Photo Credit: Tribuna

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ပေါလ်အင့်စ်ကတော့ ယူနိုက်တက်ဟာ ကတ်စ်မဲရိုးရဲ့ အရန် အဖြစ် ပါတေးကို ခေါ်ယူသင့်ပြီး ပါတေးဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အားကိုးရတဲ့ ကွင်းလယ်လူ ဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ပေါလ်အင့်စ်က – “ကတ်စ်မဲရိုး ၊ ဖာနန်ဒက်ဇ်နဲ့ အဲရစ်ဆင်တို့ သုံးယောက်စလုံးက ထိပ်တန်း ကွင်းလယ်လူတွေချည်းပါပဲ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ နေရာကို အစားဝင်နိုင်မယ့် အရန် ကွင်းလယ်လူတွေ လိုအပ်နေပါသေးတယ်။ လက်ရှိမှာ ကတ်စ်မဲရိုးရဲ့ နေရာကို အစားဝင်နိုင်မယ့် လူငယ်ကွင်းလယ်လူ တဦးကို ဈေးပေါပေါနဲ့ ခေါ်ဖို့ မလွယ်ပါဘူး။ ယူနိုက်တက်က ကိုင်စီဒိုကို ခေါ်မယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေးက မနည်းပါဘူး။ ကျွန်တော်ကတော့ ကတ်စ်မဲရိုးရဲ့ အရန်နေရာ အတွက် ဘာစီလိုနာ ကွင်းလယ်လူ ကတ်ဆီးကို ခေါ်စေချင်ပါတယ်။ သူက ဘာစီလိုနာမှာ ကစားခွင့် သိပ်မရဘူးလေ။ သူ့ကို မလိုချင်ဘူး ဆိုရင် အာဆင်နယ် ကွင်းလယ်လူ ပါတေးကို ခေါ်သင့်ပါတယ်။ ခင်ဗျားတို့တွေ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ပထမရာသီဝက်ကို ပြန်ကြည့်လိုက်ရင် ပါတေးက ခြေစွမ်း အတော်လေး ပြခဲ့တာကို မြင်ရပါလိမ့်မယ်။ ဂျော်ဂျင်ဟို တယောက် အာဆင်နယ်ဆီ ရောက်လာပြီးမှ ပါတေးက အကြောင်းပြချက် တချို့ကြောင့် ကစားခွင့် မရတော့ပါဘူး။ အဲ့ဒီအချိန်မှာပဲ အာဆင်နယ်က ရှုံးပွဲတွေ ၊ သရေပွဲတွေကို စကြုံလာရပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ပါတေး (သို့) ကတ်ဆီးကို ခေါ်သင့်ပါတယ်” လို့ ပါတေးကို ခေါ်ယူဖို့ တန်ဟက်ဂ်အား အကြံပေး တိုက်တွန်းသွားခဲ့တာပါ။

Exit mobile version