နာမည်ကျော် ဘောလုံးဂျာနယ်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့သတင်းတစ်ပုဒ်အဖြစ် ယူနိုက်တက်အသင်းဟာ ညာနောက်ခံနေရာအတွက် ကစားသမားသစ်တစ်ယောက်ကို ရှာဖွေနေပြီး လက်ရှိညာနောက်ခံလူ အာရွှန်ဝမ်ဘစ်ဆာခါနဲ့အပြိုင် ဖြစ်နေစေဖို့အတွက် ညာနောက်ခံကစားသမားသစ်တစ်ဦးကို အလိုရှိနေတယ်လို့ သူရဲ့တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

လက်ရှိ ယူနိုက်တက်အသင်းရဲ့ ညာနောက်ခံနေရာမှာ ဝမ်ဘစ်ဆာခါတစ်ဦးတည်းသာ ပွဲအရေအတွက်များစွာ ပါဝင်ကစားနေရပြီး အသင်းရဲ့လူငယ်နောက်ခံလူ ဘရန်ဒန်ဝီလီယံစ်က ပွဲတချို့လောက်မှသာ ညာနောက်ခံနေရာကနေ ပါဝင်ကစားခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေတာကြောင့် ယူနိုက်တက်အသင်းဘက်ကနေ နောက်ထပ်ညာနောက်ခံလူတစ်ယောက်ကို ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပေမယ့် အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ပေါလ်စခိုးကတော့ ကစားသမားသစ် ခေါ်ယူမှာထက် အသင်းကနေ အငှားချထားခဲ့တဲ့ နောက်ခံလူ ဒါလော့ကိုသာ ပြန်လည်အသုံးပြုသင့်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၁)နှစ်အရွှယ်ရှိ ပေါ်တူဂီနောက်ခံအစွန်လူ ဒါလော့ဟာ ၂၀၁၈ခုနှစ်ကမှ ပေါ်တိုကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းကို ဝမ်ဘစ်ဆာခါ ရောက်ရှိလာပြီးနောက်မှာ နေရာရဖို့ မလွယ်ကူတော့တာကြောင့် ဒီနှစ်ဘောလုံးရာသီအစမှာပဲ အေစီမီလန်အသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါလော့ဟာ မီလန်မှာ အထိုက်အလျောက် ခြေစွမ်းကောင်းတွေ ပြသနိုင်တာကြောင့် မီလန်ဘက်က ဒါလော့ကို အပြီးသတ်ခေါ်ယူဖို့အထိ ကြိုးပမ်းလာခဲ့ရတာကြောင့် ယူနိုက်တက်အနေနဲ့ ဒါလော့ကို မီလန်အသင်းဆီ ရောင်းချခြင်းမပြုလုပ်ပဲ အသင်းဆီကိုသာ ပြန်လည်ခေါ်ယူပြီး ဘစ်ဆာခါနဲ့အပြိုင် ဖြစ်လာဖို့ကိုသာ လုပ်ဆောင်သင့်တယ်လို့ ပေါလ်စခိုးက အကြံပေးပြောဆိုလိုက်ပါတယ်။ ဒါလော့ဟာ ညာနောက်ခံလူတစ်ယောက် ဖြစ်ပေမယ့်လည်း လိုအပ်ရင် ဘယ်ခြမ်းခံစစ်မှာပါ ကစားတတ်သူဖြစ်ကာ ဒီရာသီမှာလည်း မီလန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၁)ပွဲအထိကို ပါဝင်ကစားထားခဲ့ပါတယ်။ ဒါလော့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူရဲ့မိခင်ကလပ် ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်မှာ ပြန်လည်ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီပွဲမှာတော့ ဒါလော့ဟာ မီလန်ရဲ့ဘယ်နောက်ခံလူအဖြစ် ပွဲချိန်ပြည့် ပါဝင်သွားခဲ့ကာ ခြေစွမ်းပြသမှုလည်း ရှိခဲ့ပါတယ်။