MySport Myanmar

ဆန်ချိုနဲ့ ဗာရန်းတို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး မန်ယူကို ပေါလ်စခိုး ပြစ်တင်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ပေါလ်စခိုးက တောင်ပံကစားသမား ဂျေဒန်ဆန်ချိုနဲ့ နောက်ခံလူရာဖေးလ်ဗာရန်းတို့ကို ခေါ်ယူခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုကို ပြစ်တင် ဝေဖန်လိုက်ပြီး ဒီကစားသမားတွေ အသင်းမှာ အလုပ်မဖြစ်ရင် အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ကို အပြစ်ပုံချဖို့အတွက် အသင်းတာဝန်ရှိသူတွေဘက်က စီစဉ်လုပ်ဆောင်ထားတဲ့ အပြောင်းအရွှေ့တွေသာ ဖြစ်တယ်လို့ စခိုးက သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Flipboard

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက mega signing တွေအဖြစ် ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့အတူ ဆန်ချို ဗာရန်းတို့ကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကစားသမားနှစ်ဦးက သူတို့ရဲ့ ယူနိုက်တက် ကစားသမားဘဝအစ ပထမဆုံးသော ပွဲဦးထွက်ရာသီမှာ ရုန်းကန်မှုကိုယ်စီ ရှိခဲ့ကြပြီး အဲ့ဒီလို ရုန်းကန်မှုတွေက ဆက်တိုက် ဖြစ်ပေါ်နေမယ်ဆိုရင် အသင်းဘုတ်အဖွဲ့ဝင်တွေက အသင်းနည်းပြအပေါ်ကိုသာ အပြစ်ပုံချဖို့ စီစဉ်ထားပြီးသားလို့ ပေါလ်စခိုးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ဒီအပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး စခိုးက “ဂျေဒန်ဆန်ချိုဟာ အလွန်ကို ငယ်ရွယ်သေးတဲ့သူဖြစ်ပြီး သူ့အတွက် မန်ချက်စတာယူနိုက်တက် ငွေကြေးများစွာ အသုံးပြုခဲ့တယ်။ ဒီကစားသမားကလည်း ပရီးမီးယားလိဂ်မှာ သက်သေမပြနိုင်ခဲ့ဘူး။ နောက်ပြီးတော့ ရီးယဲလ်မက်ဒရစ်လို ကလပ်အသင်းက ဘာလို့ ဗာရန်းကို လက်လွတ်ရတာလဲ။ ပြီးခဲ့တဲ့ရာသီမှာ သူ့ကို ကြည့်လိုက်ရင် သူ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး။ အလွန်ကောင်းမွန်လှတဲ့ အပြောင်းအရွှေ့ဈေးကွက်တစ်ခု ဖြစ်ခဲ့တယ်လို့ ကျွန်တော် မထင်မိဘူး။ ဒါကိုလည်း ကလပ်အသင်းရဲ့ ဘယ်သူကမှ တာဝန်မယူခဲ့ဘူး” လို့ ပြောဆိုလိုက်ပါတယ်။ ဒေါ့မွန်မှာ တောက်ပခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်နဲ့ တာထွက်ရာသီမှာတော့ စုစုပေါင်း (၅)ဂိုးသာ သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၃)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ကာ ရုန်းကန်ခဲ့ရပါတယ်။ ဒီရာသီမှာတော့ ဆန်ချိုက ပုံစံကောင်းပြနေပြီး (၃)ဂိုး သွင်းယူထားပေမယ့် ဂိုးဖန်တီးမှုတော့ မလုပ်ဆောင်နိုင်သေးပါဘူး။ ဗာရန်းဟာလည်း ဆန်ချိုလိုပဲ မနှစ်က ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ မာတီနက်ဇ်နဲ့ တွဲဖက်ပြီး ခြေစွမ်းပြသနေပါတယ်။ ဒါပေမယ့် စခိုးကတော့ ယူနိုက်တက်ရဲ့ ဒီရာသီ ကစားသမား ခေါ်ယူမှုထဲကမှ ကက်စီမီရိုကို ခေါ်ယူမှုကိုပါ ဝေဖန်သွားခဲ့ပြီး ဒါက နည်းပြခေါ်ယူချင်ခဲ့တဲ့ အပြောင်းအရွှေ့တစ်ခု မဟုတ်လောက်ဘူးလို့ ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version