ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ပေါလ်စခိုးလ် ကတော့ သူနဲ့ ၉၂မျိုးဆက် ကစားသမားတွေ ပူးတွဲပိုင်ဆိုင်ကြတဲ့ လိဂ်၂ အသင်း တစ်သင်းဖြစ်တဲ့ ဆဲလ်ဖို့ဒ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ လိဂ် ၂ အသင်း တစ်သင်း ဖြစ်တဲ့ ဆဲလ်ဖို့ဒ်စီးတီးအသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဂရေဟမ် အလက်ဇန်းဒါးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းကာ ပေါလ်စခိုးကို ယာယီ နည်းပြအဖြစ် ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Mail

အသက် ၄၉နှစ်အရွယ် အင်္ဂလန်နည်းပြ အလက်ဇန်းဒါးဟာ ဆဲလ်ဖို့ဒ်စီးတီးအသင်းကို အပျော်တမ်းလိဂ် ကနေ လိဂ် ၂ အထိ ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သလို လက်ရှိ ဘောလုံးရာသီမှာလည်း သူ့ရဲ့ လက်အောက်မှာ ဆဲလ်ဖို့ဒ်အသင်းဟာ ရှုံးပွဲ မရှိသေးပါဘူး။ ဒါပေမယ့် ဆဲလ်ဖို့ဒ်အသင်း ကတော့ အလက်ဇန်းဒါးကို ဘာ့ကြောင့် အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့လဲဆိုတာကို ထည့်သွင်းကြေညာခဲ့ခြင်း မရှိပဲ အင်္ဂလန် သတင်းဌာနတွေရဲ့ အဆိုအရတော့ အလက်ဇန်းဒါးဟာ ဆဲလ်ဖို့ဒ်အသင်းထ​က် ပိုမို ကောင်းမွန်တဲ့ အသင်းတစ်သင်းကို နည်းပြမှာ ဖြစ်တာကြောင့် ဆဲလ်ဖို့ဒ်အသင်းကနေ ထွက်ခွာသွားတာ ဖြစ်နိုင်ကြောင်း သုံးသပ် ထားကြပါတယ်။

Photo Credit: Mail

အသက် ၄၅နှစ် အရွယ် ပေါလ်စခိုးအတွက်တော့ ဆဲလ်ဖို့ဒ်အသင်းဟာ ဒုတိယမြောက် ကိုင်တွယ်ရတဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက ပေါလ်စခိုးဟာ အိုးဟမ်းအသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဆဲလ်ဖို့ဒ်စီးတီး အသင်းဟာ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားတွေ ဖြစ်တဲ့ ရိုင်ယန်ဂစ် ၊ ဘက်ခမ်း ၊ နဗီးလ်ညီနောင် ၊ နစ်ကီဘတ်နဲ့ ပေါလ်စခိုးတို့ စုပေါင်း ပိုင်ဆိုင်ကြတဲ့ အသင်း ဖြစ်တာကြောင့် နည်းပြသစ်အဖြစ် ပေါလ်စခိုးကို ခပ်မြန်မြန် တာဝန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ပေါလ်စခိုးရဲ့ ဆဲလ်ဖို့ဒ်စီးတီး အသင်းနဲ့ ပထမဦးဆုံး ပွဲဦးထွက်ကတော့ အောက်တိုလာလ ၁၇ရက်နေ့မှာ ပေါ့တ်ဗယ်လီအသင်းနဲ့ ဆဲလ်ဖို့ဒ်အသင်းတို့ တွေ့ဆုံကြမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။