မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နာမည်ကြီး ကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့ ပေါလ်စခိုးလ် ကတော့ ယူနိုက်တက် ကို ဒါးရော့ အူပါမီကာနို ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြီးမြောက်အောင် ဆောင်ရွက်ဖို့နဲ့ နောက်တန်းဗဟို ကစားသမား အူပါမီကာနိုက ယူနိုက်တက်ရဲ့ ခံစစ်ပြဿနာနဲ့ ပတ်သက်ပြီး အဖြေ ဖြစ်နိုင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ လူငယ် ခံစစ်ကစားသမား ဟာ လိုက်ပ်ဇစ် အသင်းနဲ့ အတူ ပြီးခဲ့တဲ့ ရာသီတွေက စတင်ပြီးတော့ ဘောလုံးလောကမှာ ထွန်းတောက်လာခဲ့တဲ့ ကြယ်တစ်ပွင့်လို့ ဆိုရပါမယ်။ သူဟာ ၂၀၁၉-၂၀ ရာသီက အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အထိရောက်အောင် ပို့‌ပေးနိုင်ခဲ့ပြီးတော့ အသင်းသမိုင်းကြောင်းမှာ အဓိကနေရာက ပါဝင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ယူနိုက်တက် အသင်းကတော့ အူပါမီကာနို ကို လာမယ့် နွေရာသီမှာ ခေါ်ယူသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းအနေနဲ့ အူပါမီကာနိုကို ခေါ်ယူချင်ရင် ပေါင် ၃၈ သန်းနဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ လည်း သိရပါတယ်။ သတင်းအတိအကျ တော့ မရှိသေးပေမယ့်လည်း ပေါလ်စခိုးလ် က ပြင်သစ်ကစားသမား အူပါမီကာနို အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ကောင်းကောင်း ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။ “ ဒါက ယူနိုက်တက် လိုအပ်နေတဲ့ ခံစစ်ကစားသမား ပုံစံမျိုးလို့ ကျွန်တော် ထင်တယ်။ သူက မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်တို့နဲ့ လုံးဝ မတူပါဘူး။ သူက ကစားဖော် တွေ အပါ်မှာ ဖော်ရွေတတ်တယ်။ သူ ကစားတဲ့ အချိန်မှာလည်း ခပ်ပျော်ပျော်ပဲ ကစားတယ်။ ဘာလို့ဆို သူက အနိုင်ရမာကို သေချာသိနေလို့ပဲ။ ဒါက ရီရို(ဖာဒီနနိ)နဲ့ ဂျက်ပ်စတန် လုပ်ခဲ့တာတွေနဲ့ တစ်ပုံစံတည်းပဲ။ ကျန်တဲ့ အသင်းသား‌တွေ အနေနဲ့ ပြိုင်ဘက် တိုက်စစ်ကို စိတ်ပူစရာ မလိုပါဘူး။ ဘာလို့လဲဆိုရင် ကွင်းလယ်ဗဟိုမှာ သူ့တာဝန်ကို သူ အကောင်းဆုံး ဆောင်ရွက်မယ့် အူပါမီကာနို ရှိနေလို့ပါပဲ ”

Photo Credit: Standard

ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အူပါမီကာနို အနေနဲ့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက် အသင်းနဲ့ ကစားခဲ့ရပါတယ်။ ယူနိုက်တက် ကတော့ တစ်ချိန်တုန်းက အူပါမီကာနိုကို ခေါ်ယူဖို့ အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း ကင်းထောက်တွေ စေလွှတ်ပြီးတော့ ကစားသမားရဲ့ ခြေစွမ်းကို လေ့‌လာခိုင်းပြီးတဲ့ နောက်မှာတော့ ခေါ်ယူဖို့ ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ နည်းပြ ဆိုးလ်ရှား ကတော့ အူပါမီကာနို နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေ အပေါ်ကို အခုလိုပဲ မှတ်ချက် ပြုသွားခဲ့ပါတယ်။ “ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားသမားကောင်းတွေနဲ့ ပတ်သက်ပြီး ကောလဟာလ တွေနဲ့ ခန့်မှန်းချက်တွေက အမြဲတမ်းရှိပါတယ်။ သူတို့က တစ်ခြားအသင်းရဲ့ ကစားသမားတွေ ဖြစ်လို့ ကျွန်တော် လေးစားပါတယ်။ အသင်းအနေနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကစားသမားတိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မှတ်ချက် မပြုလိုပါဘူး ”