MySport Myanmar

ဒီဘရိုင်းနားကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားလို့ ပေါလ်စခိုး သတ်မှတ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမားဟောင်းကြီးဖြစ်တဲ့ ပေါလ်စခိုးက မနေ့က ကျင်းပသွားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ အိမ်ရှင်မန်စီးတီးအသသင်းအတွက် အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းနားရဲ့ စွမ်းဆောင်ရည်တွေကို ချီးမွမ်းသွားခဲ့သလို ဒီဘရိုင်းနားကိုလည်း ပရီးမီးယားလိဂ်မှာသာမကပဲ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ဦးလို့ပါ သတ်မှတ်သွားခဲ့ပါတယ်။

Photo Credit : The Mirror

အသက်(၃၀)အရွှယ်ရှိ ဘယ်လ်ဂျီယံဘက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ကစားသမား ဒီဘရိုင်းနားဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့သလို သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁)ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပြီး တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီလို အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ဒီဘရိုင်းနားကို ပေါလ်စခိုးက “သူက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်နေသလို ကမ္ဘာပေါ်မှာဆိုရင်လည်း အကောင်းဆုံး ကွင်းလယ်လူတစ်ဦး ဖြစ်နေနိုင်ပါတယ်။ သူ့ကို အခက်တွေ့စေနိုင်မယ့် တခြားသော ကစားသမားတစ်ဦးဦးကို ကျွန်တော် တွေးကြည့်လို့တောင် မရနိုင်ဘူး”

Photo Credit : The Mirror

“သူက အရာအားလုံးကို လုပ်ဆောင်တယ်။ ဒီလို ဘောလုံးသမားတွေက ကောင်းမွန်တဲ့ ပို့ပေးမှုတွေ ဘောလုံးပိုင်ဆိုင်မှုကောင်းကောင်း လုပ်ဆောင်နိုင်ကြတယ်။ ဒါပေမယ့် သူကျတော့ ဂိုးတွေသွင်းတယ်။ ဂိုးတွေဖန်တီးပေးတယ်။ ခံစစ်ကို လိုက်ကူပေးတယ်။ အရမ်းကိုကောင်းလွန်းလှတဲ့ ပေးပို့မှုတွေလည်း လုပ်ဆောင်တယ်။ သူ့မှာက ထိပ်တန်းကစားသမားတစ်ယောက်ဆီကနေ လိုချင်တာမှန်သမျှ အကုန်ရထားနိုင်တဲ့အပြင် ခင်ဗျားဆီမှာ ဒီလို ကစားသမားမျိုး (၃) (၄)ယောက်လောက်သာ ရှိနေမယ်ဆိုရင် တားဆီးရခက်ခဲသွားနိုင်တယ်။ ဘာနာဒိုဆေးလ်ဗား ဂျက်ဂရီးလစ်ရှ် ဖီးလ်ဖိုဒန်တို့ကို ခင်ဗျားစဉ်းစားကြည့်လေ။ သူတို့က ထိပ်တန်းအသင်း တစ်သင်းမှာ ပါဝင်နေကြရတာဖြစ်ပြီးတော့ နေရာစုံကနေလည်း ပေါ်လာနိုင်တယ်။ သူတို့က ဂိုးတွေလည်း သွင်းယူနိုင်လိမ့်မယ်။ ဒီဘရိုင်းနားကတော့ ဘောလုံးရတိုင်း သွင်းဂိုးအကြောင်းပဲ တွေးနေတယ်။ သူက အသင်းအတွက် ဂိုးသွင်းပေးဖို့ ဒါမှမဟုတ် ဂိုးဖန်တီးပေးဖို့ကို စဉ်းစားနေပြီး ဒါက အရမ်းကောင်းတဲ့ ခံယူချက်မျိုးပါပဲ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး(၁၀)ဂိုးနဲ့ ဂိုးဖန်တီးမှု (၈)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Exit mobile version