MySport Myanmar

လီဗာပူးလ်က မန်စီးတီးကို အနီးကပ် စိန်ခေါ်နိုင်လိမ့်မယ်လို့ ပေါလ်စခိုး သုံးသပ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃)ပွဲအထိ ကစားထားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲတွေ ရယူထားတဲ့ အသင်းတွေက လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်း ဒီအသင်းတွေသာ ရှိလို့နေပြီး ဒီ(၂)သင်းထဲကမှ လီဗာပူးလ် တစ်သင်းတည်းကပဲ ပေးဂိုး လုံးဝမရှိသေးတဲ့ အသင်းအဖြစ်နဲ့ ရပ်တည်လို့နေပါတယ်။

တကယ်တော့ လီဗာပူးလ်က ဒီရာသီမှာ နည်းပြအပြောင်းအလဲနဲ့အတူ ဖြတ်သန်းနေရတဲ့ အသင်းတစ်သင်းဖြစ်ပြီး အသင်းအတွက် အောင်မြင်မှုများစွာ ရယူပေးခဲ့တဲ့ ယာဂန် ကလော့ပ်နေရာမှာ ပရီးမီးယားလိဂ် အတွေ့အကြုံ လုံးဝ မရှိသေးတဲ့ နည်းပြသစ် အာနယ် ဆလော့နဲ့ အစားထိုးထားတာလည်း ဖြစ်ပါတယ်။

Photo Credit : CaughtOffside

ဆလော့နဲ့ ပတ်သက်ပြီး လီဗာပူးလ် ပရိသတ်တွေတောင် သိပ်ပြီး ယုံကြည်မှု မရှိခဲ့ကြပေမယ့်လည်း ဆလော့ကတော့ ရာသီကြို ခြေစမ်းပွဲတွေကနေ စတင်ပြီး အခု ပရီးမီးယားလိဂ် (၃)ပွဲကစားပြီးချိန်အထိ အသင်းကို ပုံစံကောင်းတစ်ခု ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တာကြောင့် လီဗာပူးလ် ကစားသမားဟောင်း မိုက်ကယ် အိုဝင်ကပါ သူ့အသင်းဟောင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးကို ဖိအားပေးနိုင်မယ့် အသင်းလို ဆိုလာခဲ့ပါတယ်။

အိုဝင်ရဲ့ သုံးသပ်ချက်ကို မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုးကလည်း ထောက်ခံသွားခဲ့ပြီး လီဗာပူးလ်က ဒီရာသီမှာ အာဆင်နယ်ကို ကျော်ဖြတ်ပြီး မန်စီးတီးကို စိန်ခေါ်နိုင်လိမ့်မယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ “လီဗာပူးလ်အသင်းက ဒီရာသီ အမှတ်ပေး ဆုဖလားအတွက် တကယ် စိန်ခေါ်နိုင်မှာပါ။”

Photo Credit : Football Addict

“ရာသီမစတင်ခင်တုန်းကတော့ ဒီနှစ်က အာဆင်နယ်အသင်းရဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့သေးတာ။ ဒီရာသီမှာ အာဆင်နယ်က စီးတီးကို ကောင်းကောင်း ဒုက္ခပေးပြီးတော့ ပရီးမီးယားလိဂ်ဖလားပါ ရယူသွားနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် ရာသီအစ (၃)ပွဲ ကြည့်ပြီးလိုက်ချိန်မှာတော့ လီဗာပူးလ်က အာဆင်နယ်ကို ကျော်သွားနိုင်မယ်လို့ ထင်လာမိပါတော့တယ်။”

“သူတို့အသင်းဟာ မနှစ်က ရာသီကတည်းက ထိပ်ပိုင်းနားမှာ အချိန်ကြာမြင့်စွာ ရှိနေခဲ့ပေမယ့် ရာသီနှောင်းပိုင်း ပွဲအနည်းငယ်မှာ အဝေးကွင်း ရှုံးပွဲတွေ တွေ့ခဲ့ရလို့သာ ချန်ပီယံပြေးလမ်းထဲက ထွက်ခဲ့ရတာ။ အခု ကစားသမားစာရင်းကို စုစုစည်းစည်းနဲ့ ကြံခိုင်မှုကောင်းကောင်းသာ ရှိနေမယ်ဆိုရင်တော့ မန်စီးတီးကို ကောင်းကောင်းကြီး စိန်ခေါ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ပေါလ်စခိုးက သုံးသပ်လိုက်ပါတယ်။

Exit mobile version