မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ ပေါလ်စခိုးက ဒဏ်ရာပြသာနာတွေကနေ ပြန်လည် သက်သာလာပြီးနောက် မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားသွားခဲ့တဲ့ ရှာရစ်ဖ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပြန်ကစားပေးနိုင်ခဲ့တဲ့ နောက်ခံလူ ဟာရီမက်ဂွိုင်းယားအပေါ် ချီးကျူး ပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Harry Maguire returned after a lay-off with a hamstring injury sustained with the England side

Photo Credit : Daily Mail

ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား မက်ဂွိုင်းယားဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ Nations League ပွဲတွေ ပါဝင်ကစားရင်းနဲ့ တံကောက်ကြောဒဏ်ရာ ရရှိလာခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ပွဲအများစုကို လွဲချော်ခဲ့ရပြီး မနေ့ညက ပွဲစဉ်မှသာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဂွိုင်းယားက ရှာရစ်ဖ်နဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာ လီဆန်ဒရိုမာတီနက်ဇ်နေရာ ဝင်ကစားခွင့်ရခဲ့ပြီး လင်ဒီလော့နဲ့ တွဲဖက်ကာ သူရဲ့ကြံခိုင်မှု အပြည့်အဝ ကောင်းမွန်နေကြောင်း ပြသနိုင်ခဲ့သလို တိကျတဲ့ ဘောလုံးပေးပို့မှုတွေကိုပါ လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။

Paul Scholes believed  a real test for the Englishman will come against West Ham next week

Photo Credit : Daily Mail

အခုလို အသင်းအတွက် ပြန်ကစားပေးလာနိုင်တဲ့ မက်ဂွိုင်းယားနဲ့ ပတ်သတ်ပြီး ယူနိုက်တက်နဲ့ အင်္ဂလန်ကစားသမားဟောင်းကြီး စခိုးက “သူ့မှာ ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေက သူရဲ့နောက်ကနေ ရှိနေပေးကြမှာပါ။ ပြီးခဲ့တဲ့ (၁၈)လတာ ကာလဟာ သူ့အတွက် ဘယ်လောက် ခက်ခဲခဲ့မလဲဆိုတာကို ပရိသတ်တွေ နားလည်ပါတယ်။ ကျွန်တော်တို့တွေ သူ့ကို သူဖြစ်နိုင်တဲ့ ကစားသမားဆီ ပြန်ရောက်စေချင်ပါတယ်။ ဒီနေ့ညက သူ့အတွက် စမ်းသပ်မှုတော့ မဟုတ်ခဲ့ပဲ လာမယ့်အပတ် ဝက်စ်ဟမ်းနဲ့ ကစားရမယ့် ပွဲမှာသာ ပိုမို ကြီးမားတဲ့ စမ်းသပ်မှုတွေ ရှိလာရပါလိမ့်မယ်။ အဲ့ဒီပွဲကသာ သူရဲ့ form အတွက် စစ်မှန်တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါကို သူ ကျော်ဖြတ်နိုင်မယ်ဆိုရင် အားလုံးသိထားကြတဲ့ ဟာရီမက်ဂွိုင်းယားကို ပြန်ရသွားလိမ့်မယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက် ခံစစ်ပိုင်းအတွင်း မာတီနက်ဇ်နဲ့ အတွဲအဖက်မိနေတဲ့ ဗာရန်းက ဒဏ်ရာပြသာနာကြောင့် ကာလအနည်းငယ် အနားယူရတော့မှာဖြစ်လို့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်အနေနဲ့ မက်ဂွိုင်းယားကို အသင်းမှာ ပြန်လည် နေရာပေးသွားဖွယ် ရှိနေသလို လာမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း မာတီနက်ဇ် မက်ဂွိုင်းယား အတွဲအဖက်ကိုပါ အသုံးပြုလာနိုင်ပါတယ်။