ဒဏ်ရာပြသာနာတွေကြောင့် ဒီနှစ်ဘောလုံးရာသီမှာ ကွင်းထဲဝင်ကစားရချိန်ထက် အနားယူနေရချိန်နဲ့ ကုသမှုခံယူရချိန်တွေသာ ပိုများလို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကတော့ ဒီတစ်ပတ်အတွင်းမှာ အသင်းရဲ့ဆရာဝန်ဆီနဲ့ သွားရောက်တွေ့ဆုံမှာဖြစ်ပြီး အသင်းအတွက် ပြန်ကစားဖို့ အခြေအနေကောင်းနေပြီးလားဆိုတာကို မေးမြန်းသွားမှာဖြစ်သလို ဖြစ်နိုင်ခြေအရှိဆုံးကတော့ ဒါဘီကောင်တီအသင်းနဲ့ ရင်ဆိုင်ကစားသွားရမယ့် အက်အေဖလားပွဲစဉ်မှာ ယူနိုက်တက်အသင်းဘက်ကနေ ပါဝင်ကစားနိုင်ဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီထဲမှာ ဒဏ်ရာပြသာနာတွေနဲဲ့ အလူးအလဲရင်ဆိုင်နေခဲ့ရလို့ ယူနိက်တက်အတွက် ပွဲထွက်ကစားခဲ့ရတာတောင် အနည်းငယ်ပဲရှိခဲ့ပြီး အခုလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် နှစ်ကုန်ပိုင်းလောက်ကတည်းကနေ အနားယူနေခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ပေ့ါဘာရဲ့ဒဏ်ရာဟာ ၈၅%လောက်အထိကို သက်သာကောင်းမွန်နေပြီဖြစ်ကာ မကြာခင်မှာပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မှာဖြစ်သလို အသင်းရဲ့ကွင်းလယ်မှာလည်း ပြန်လည်ပွဲထွက်ကစားနိုင်တော့မှာဖြစ်ပါတယ်။ သတင်းတချို့ရဲ့ဖော်ပြချက်အရ ပေါ့ဘာဟာ ဒီလအကုန်မှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းပြီး အသင်းဖော်ဟောင်းရူနီနဲ့ ပြန်လည်ဆုံတွေ့ရမယ့် အက်အေဖလားပွဲမှာ ပါဝင်လာနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့လို့ ၂လကျော်လောက် အနားယူခဲ့ရပြီး ဝက်ဖိုဒ့်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပြန်လည်ပါဝင်လာခဲ့ပေမယ့်လည်း ပွဲ၂ပွဲလောက်သာ ကစားခဲ့ရကာ ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်မှုကြောင့် ထပ်မံအနားယူခဲ့ရပြန်ပါတယ်။ ပေါ့ဘာဟာ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ သူရဲ့အပြောင်းအရွှေ့သတင်းတွေကတော့ အတော်လေးကို လှုပ်ခတ်ခဲ့ပြီး ပေါ့ဘာရဲ့အေးဂျင့် မီနီရွိုင်အိုလာကလည်း သူရဲ့ကစားသမားအနေနဲ့ ဂျုဗင်တပ်စ်ကို ပြန်သွားနေချင်တယ်လို့ သဘောသက်ရောက်နိုင်တဲ့ စကားကို ပြောဆိုခဲ့မိလို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားရဲ့ဒေါသထွက်မှုကို ရင်ဆိုင်ခဲ့ရကာ လက်ရှိမှာတော့ ဆိုးလ်ရှားနဲ့ရွိုင်အိုလာတို့ကြားမှာ ပေါ့ဘာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆက်ဆံရေးတင်းမာလျက်ရှိနေပါတယ်။