မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက် ရှိနေခဲ့ပြီလို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Paul Pogba is out of contract this summer

Photo Credit : The Sun

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူပေါ့ဘာဟာ ၂၀၁၆ခုနှစ်ကတည်းက ဂျုဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားဖို့ လပိုင်းလေးသာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပေါ့ဘာကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအနေနဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာဖြစ်လို့ ရီးယဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတွေက ပေါ့ဘာကို ပစ်မှတ်ထားနေကြပေမယ့် ဒီအသင်းတွေအားလုံးထက် ပီအက်စ်ဂျီအသင်းကသာ ပေါ့ဘာကို အရခေါ်ယူသွားနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေခဲ့ရပါတယ်။

Man Utd star Paul Pogba getting closer to PSG transfer - Man Utd News

Photo Credit : Man Utd News

Foot Mercato သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ လီဂူးဝမ်း ထိပ်သီးအသင်း ပီအက်စ်ဂျီဟာ လာမယ့်နွေရာသီမှာ ကစားသမားဖြည့်တင်းမှုအဖြစ် ပေါလ်ပေါ့ဘာကို ဦးစားပေး ပစ်မှတ်ထားလျက် ရှိတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အဲ့ဒီဖော်ပြချက်မှာ ပေါ့ဘာက ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် အရင်ကထက် ပိုမိုနီးစပ်လာခဲ့တယ်လို့ပါ ဖော်ပြထားပါသေးတယ်။ ပေါ့ဘာက ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုနဲ့ တွေ့ဆုံထားခဲ့ပြီဖြစ်ပြီး ပေါ့ဘာကိုယ်တိုင်ကလည်း ပြင်သစ်ကို ပြန်ပြီး ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့် ယုံကြည်လျက် ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဘက်ကတော့ သူတို့ရဲ့ကစားသမားကို အသင်းမှာပဲ ဆက်လက်ရှိနေဖို့အတွက် မက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ကစားသမားဘက်က စာချုပ်ကမ်းလှမ်းမှုအပေါ် တုံ့ပြန်ထားခြင်း မရှိသေးသလို အသင်းနဲ့ သက်တမ်းတိုးဖို့အတွက် အသင်းနည်းပြ အပြောင်းအလဲကိုပါ စောင့်ကြည့်ချင်နေသေးတာကြောင့် သူရဲ့စာချုပ်ကိစ္စက အခုထိကို ကြန့်ကြာနေခဲ့ရတာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ဒီနှစ်ရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၂၅)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၁)ဂိုး သွင်းယူထားခဲ့သလို (၉)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။