ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်သူ အန်ဒရူးတောင်ဆန်က ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ ပေါ်တူဂီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုအုပ်စုနောက်ဆုံးပွဲစဉ်မှာ သူရဲ့ ကမ္ဘာ့အဆင့်ရှိ စွမ်းဆောင်ရည်မျိုးကို ထပ်မံပြသနိုင်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးသော ကစားသမားတစ်ဦးလိုမျိုး စွမ်းဆောင်နိုင်ခဲ့ပေမေယ့်လည်း အင်္ဂလန်က ပရီးမီးယားလိဂ်ပြိုင်ပွဲ ပရိသတ်တွေကတော့ ဒီကစားသမားအပေါ် လေးစားမှုမရှိပဲ ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေသာ လုပ်နေတတ်တယ်လို့ ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ လက်ရှိမှာ သူရဲ့လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို လိုက်ပါယှဉ်ပြိုင်နေတာဖြစ်ပြီး ဂျာမနီ ပေါ်တူဂီအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အုပ်စုပွဲစဉ်တွေအတွင်းမှာ တကယ့်ကို ထူးခြားကောင်းမွန်လှတဲ့ ခြေစွမ်းမျိုးတွေကို ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မနေ့ညက ပေါ်တူဂီနဲ့ပွဲစဉ်မှာလည်း တိုက်စစ်မှူး ကာရန်ဘန်ဇီမာရဲ့ ဒုတိယမြောက်သွင်းဂိုးကို ပေါ့ဘာရဲ့ အကွက်မြင်လှတဲ့ ဖန်တီးပေးမှုကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာက ဒီလို စွမ်းဆောင်ရည်မျိုးတွေကို ပိုင်ဆိုင်ထားတဲ့ ဘောလုံးသမားကောင်းတစ်ဦး ဖြစ်နေပေမယ့် အင်္ဂလန်မှာတော့ သူ့ကို ပရိသတ်တွေက လေးစားမှု မရှိဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

တောင်ဆန်က “ကျွန်တော်အတွက်တော့ အုပ်စုတွင်းပြိုင်ပွဲတွေကိုကြည့်ပြီး ပေါ့ဘာကို ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားလို့တောင် သတ်မှတ်ချင်မိတယ်။ သူရဲ့တချို့ပေးပို့မှုလေးတွေနဲ့ ဘောလုံးထိချက်လေးတွေ နောက်ပြီး ဘာပေဆီကို သူဘောလုံးပေးပို့တာတွေက ကျွန်တော်မြင်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ ပေါ်တူဂီခံစစ်က အတော်လေး ကျစ်လစ်နေပေမယ့် သူကတော့ ဘာပေဆီ ဘောလုံးတွေရောက်လာအောင် လုပ်ဆောင်နိုင်တယ်။ သူ ယူနိုက်တက်အသင်းမှာ ကစားနေချိန်မှာလည်း သူရဲ့စွမ်းဆောင်ရည်က ကွာခြားလွန်းမနေပါဘူး။ ဒါပေမယ့် အင်္ဂလန်မှာက ကျွန်တော်တို့တွေ ပေါ့ဘာကို အသိအမှတ် မပြုနိုင်ကြဘူး။ ကျွန်တော်တို့တွေက မိနစ်(၉၀)လုံးကို ပြေးပြေးလွှားလွှားနဲ့ ကြိုးကြိုးစားစား ကစားနေတတ်တဲ့ ကစားသမားတွေကိုလောက်ပဲ အသိအမှတ်ပြုနေတတ်တာ။ ပေါ့ဘာက ဒီလိုပုံစံ ကစားသမားမျိုး မဟုတ်တော့ သူ့ကို မလေးစားကြဘူး။ ကျွန်တော်တို့တွေ အင်္ဂလန်မှာ ပေါ့ဘာအပေါ် လေးစားမှုမရှိသလို ဖြစ်နေရတယ်” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။