မနက်ဖြန်ည အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပသွားမယ့် အေစီမီလန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်အတွက် ဧည့်သည်ယူနိုက်တက်အသင်းဘက်က ကစားသမားစာရင်း ထုတ်ပြန်လာခဲ့ရာ ဒဏ်ရာပြသာနာတွေနဲ့ Personal ကိစ္စတွေကြောင့် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ထားခဲ့ရတဲ့ တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီ ကွင်းလယ်လူ ပေါလ်ပေါ့ဘာနဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာတို့ (၃)ယောက်လုံး ပြန်လည်ပါဝင်လာတယ်လို့ သိရှိရပါတယ်။

Photo Credit : MUFC Latest News

ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီနဲ့ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာတို့နှစ်ယောက်ဟာ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်ကို ဒဏ်ရာပြသာနာအသီးသီးကြောင့် လွဲချော်ခဲ့ရတဲ့အပြင် အသင်းရဲ့ ဂိုးသမား ဒီဂီယာမှာလည်း သူရဲ့မွေးရပ်မြေ စပိန်နိုင်ငံကနေ အင်္ဂလန်ကို ပြန်လာချိန် သီးသန့်နေထိုင်ရခြင်းကြောင့် ဒီပွဲကို လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်တစ်ဆင့်တတ်ရေးအတွက် အရေးပါနေတဲ့အချိန်မှာ ယူနိုက်တက်အတွက် အရေးပါလှတဲ့ ကစားသမားတွေ ပြန်လည်ပါဝင်လာနိုင်ခြင်းဟာ သတင်းကောင်းတစ်ခုလို ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Stretty News

ပထမအကျော့ မန်ချက်စတာမှာ ကစားသွားခဲ့တဲ့ ပွဲစဉ်အတွင်းမှာတော့ ယူနိုက်တက်ဘက်က ကစားသမားသစ်လေး အာမက်ဒီယဲလိုရဲ့ သွင်းဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်ခဲ့ပေမယ့်လည်း ပွဲပြီးဆုံးဖို့ မိနစ်ပိုင်းအလို နာကျင်အချိန်ပိုမှာ နောက်ခံလူခါဂျာက မီလန်အတွက် အဖိုးတန်ချေပဂိုးကို သွင်းယူခဲ့ပြီး တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျခဲ့ရပါတယ်။ ပထမအကျော့မှာ ပွဲက အနိုင်အရှုံးမပေါ်ခဲ့ပေမယ့် အဝေးဂိုးတစ်ဂိုး ရသွားခဲ့တဲ့ မီလန်အသင်းအတွက် အားသာချက် အနည်းငယ်တော့ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် မီလန်အသင်းအတွက် အဓိကကျတဲ့ ကစားသမားဖြစ်ပြီး ယူနိုက်တက်ရဲ့ ကစားသမားဟောင်းလည်းဖြစ်တဲ့ အီဗရာဟီမိုဗစ်ကတော့ သူရဲ့ဒဏ်ရာပြသာနာကြောင့် ဒုတိယအကျော့ပွဲကိုပါ ထပ်မံလွဲချော်ရဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဘက်မှာလည်း အသင်းရဲ့တိုက်စစ်မှူး အန်တိုနီမာစီယဲလ် ကွင်းလယ်လူတွေဖြစ်တဲ့ ဒွန်နီဗန်ဒယ်ဘိခ်နဲ့ ဟွမ်မာတာတို့ကလည်း ဒီပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ မီလန်နဲ့ ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်လို့အပြီးမှာပဲ လက်စတာစီးတီးအသင်းနဲ့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို လက်စတာရဲ့ ကင်းပါဝါကွင်းမှာ သွားရောက်ဆင်နွဲရမှာဖြစ်လို့ ဒီရာသီ အသင်းရဲ့ မျှော်မှန်းလို့ရနိုင်မယ့် ဆုဖလား(၂)ခုမှာ ဘယ်လောက်အထိ ခရီးနှင်နိုင်ဦးမလဲဆိုတာကို ဒီပွဲကျပ်(၂)ပွဲကနေ အဖြေရှာသွားရပါလိမ့်မယ်။