မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား ပေါ့ဘာဟာ မန်ယူအသင်းနဲ့ (၅) နှစ်ကြာ စာချုပ်သစ် ထပ်တိုးဖို့အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ပြီး လက်ရှိရာသီအကုန်မှာ စာချုပ်သစ် ထပ်တိုးတဲ့ အတည်ပြုချက် သတင်းတွေ ထွက်လာနိုင်တယ်လို့ Sunsport က ဖော်ပြခဲ့ပါတယ်။ ပြင်သစ် လက်ရွေးစင် အသက် (၂၇) နှစ်အရွယ် ကွင်းလယ် ကစားသမား ပေါလ် ပေါ့ဘာက ပြီးခဲ့တဲ့ ရာသီမှာ ယူူနိုက်တက်အသင်းကနေ ထွက်သွားချင်တယ်လို့ ပြောခဲ့ဖူးတာ ဖြစ်ပေမယ့် လက်ရှိရာသီမှာ အသင်းကနေ ထွက်သွားချင်တဲ့ စိတ် လုံးဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: TheSun

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းရဲ့ နည်းပြဟောင်း မော်ရင်ဟိုနဲ့ မတူဘဲ ကွင်းလယ်လူ ပေါ့ဘာနဲ့ ဆက်ဆံရေး ကောင်းမွန်လျက် ရှိပြီး ပေါ့ဘာအနေနဲ့ သူ့ရဲ့ ခြေချင်းဝက် ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ အချိန်မှာ မန်ယူအသင်းအတွက် ပုံမှန်နီးပါး ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ဆောက်သမ်တန်အသင်းနဲ့ (၂-၂) သရေ ကျခဲ့တဲ့ ပွဲစဉ်မှာတော့ အမှား အနည်းငယ် ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့်လည်း ပုံစံကောင်းကို ဆက်လက် ပြသသွားခဲ့တာ ဖြစ်ပြီး  ယနေ့ည ပဲလေ့စ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ပွဲထွက် ကစားခွင့် ရရှိနိုင်ချေရှိပါတယ်။

Photo Credit: TheSun

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ယနေ့ည၊ ကြာသပတေးနေ့ည၊ သောကြာနေ့ နံနက်၊ (၁း၄၅) အချိန်မှာ ခရစ်စတယ် ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့အတွက် လုံးဝ အမှားခံလို့ မရတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ လက်ရှိ စာချုပ်မှာ မန်ယူအသင်းနဲ့ စာချုပ် (၁) နှစ် ကျန်သေးသလို သူ့ရဲ့ စာချုပ် ကုန်ဆုံးသွားတယ် ဆိုရင် မန်ယူအသင်းက နောက်ထပ် (၁) နှစ် ထပ်တိုးနိုင်ခွင့် ရှိနေပြီး လက်ရှိမှာတော့ (၅) နှစ်ကြာ စာချုပ်သစ် ထပ်တိုးဖို့အတွက် နီးစပ်နေပြီပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ယနေ့ည ကစားမယ့် ပွဲစဉ်မှာ ခြေချင်းဝက် ဒဏ်ရာ ရရှိနေတဲ့ အသင်းရဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို အသုံးပြုလာဖွယ် မရှိတာ ဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာကို စာချုပ်သစ် ထပ်တိုးဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။