MySport Myanmar

အသင်းတွေက လီဗာပူးလ်ကို ကြောက်မနေကြတော့ဘူးလို့ ပေါလ်မာဆန် သုံးသပ်

အာဆင်နယ် ကစားသမားဟောင်းကြီး ပေါလ်မာဆန်က လီဗာပူးလ်အသင်းရဲ့ ဒီနှစ်ဘောလုံးရာသီအစပိုင်း စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး ဝေဖန်ပြစ်တင်မှုတွေ ပြောဆိုသွားခဲ့သလို လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားရတဲ့ ကလပ်အသင်းတိုင်းက လီဗာပူးလ်ကို ကြောက်နေခြင်း မရှိကြတော့ဘူးလို့ပါ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ weekend မှာပဲ အိမ်ကွင်း အန်ဖီးလ်မှာ လိဒ်စ်ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားထဲ အဆင့်(၉)နေရာထိ ရောက်ရှိနေရသလို (၁၂)ပွဲ ကစားပြီးတဲ့နောက်မှာ လိဂ်ရှုံးပွဲက (၄)ပွဲအထိကို ရှိထားခဲ့ရတဲ့အထိ အခြေအနေ ဆိုးရွှားနေခဲ့ရပါတယ်။ (၁၂)ပွဲကစားအပြီး (၄)ပွဲနိုင် (၄)ပွဲသရေ (၄)ပွဲရှုံးထားခဲ့ရတဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သတ်ပြီး ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွှက်နေတဲ့ ပေါလ်မာဆန်က “မန်ချက်စတာစီးတီးအသင်းကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ပြသခဲ့တဲ့ စွမ်းဆောင်နိုင်ခဲ့မှုနဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ လိဒ်စ်ယူနိုက်တက်တို့လို အသင်းတွေကို ဆက်တိုက် ရှုံးနိမ့်ခဲ့ရခြင်းဟာ ခွင့်မလွှတ်နိုင်စရာပါ”

Photo Credit : Sportskeeda

“လီဗာပူးလ်အသင်းက ရှေ့ကို တစ်လှမ်းတိုးပြီးတာနဲ့ လေးလှမ်းလောက် အနောက်ကို ပြန်ဆုတ်သွားတယ်။ မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲနဲ့ ဖောရက်စ်နဲ့လိဒ်စ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲတွေမှာ ဘာတွေကွာခြားသွားခဲ့တာလဲဆိုတာကို ကစားသမားတွေကပဲ ပြောပြနိုင်မှာပါ။ ကလပ်အသင်းတွေကလည်း လီဗာပူးလ်ကို လုံးဝ မကြောက်ကြတော့ဘူး။ အိုးထရက်ဖို့ဒ်မှာ ဖြစ်ပျက်ခဲ့တာတွေက တဖြည်းဖြည်းနဲ့ ပုံစံတူတွေ ဖြစ်လာခဲ့ရတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းဆီ သွားကစားရမှာ ကြောက်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ရှံးနိမ့်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ ခင်ဗျားသသာ ကောင်းကောင်း ကစားနိုင်မယ်ဆိုရင် သူတို့ကို အနိုင်ရနိုင်နေပါပြီ။ အခုအချိန်မှာ လီဗာပူးလ်နဲ့ ရင်ဆိုင်ရတုန်း ကောင်းကောင်း ကစားနိုင်မယ်ဆိုရင်လည်း သူတို့ကို အနိုင်ရဖို့အတွက် အလားအလာကောင်းတွေ ရှိနေပါတယ်” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ အန်ဖီးလ်မှာ ရှုံးပွဲတွေ့ထားခဲ့တဲ့ လီဗာပူးလ်ဟာ ဒီနေ့ညမှာလည်း လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်တဲ့ နာပိုလီကို အန်ဖီးလ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဒီပွဲကို နိုင်လိုက်မယ်ဆိုရင် အုပ်စုပထမနေရာကို ပိုင်ဆိုင်မှာ ဖြစ်တဲ့အပြင် ဒီရာသီမှာ နာပိုလီကို ပထမဆုံး ဦးချိုးနိုင်မယ့် အသင်းပါ ဖြစ်လာမှာမို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြဖွယ် ရှိနေပါတယ်။

Exit mobile version