ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သလို လက်ရှိမှာ အောင်မြင်တဲ့ ဘောလုံး သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်မာဆန် ကတော့ မနက်ဖြန်ည ၁၁နာရီအချိန်မှာ ယှဉ်ပြိုင် ကစားကြမယ့် မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ မန်ယူအသင်း အနေနဲ့ သူတို့အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဖြစ်တဲ့ မားကပ် ရက်ဖို့ဒ်ကို ပွဲထွက် လူစာရင်းမှာ မသုံးပဲ အရန်ခုံကနေသာ ပွဲကို စတင်ခိုင်းပြီး လူစားဝင် ကစားသမား အဖြစ်သာ သုံးစွဲဖို့ အကြံ ပေးသွားခဲ့ပါတယ်။ ယနေ့မှာ အသက် ၂၃နှစ် ပြည့်သွားတဲ့ ရက်ဖို့ဒ်ဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ယူအသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆိုရင် အရန်ခုံကနေ ထလာကာ ဟက်ထရစ် သွင်းယူနိုင်ခဲ့သူပါ။

Photo Credit: Metro

ဒါ့ကြောင့်ပဲ ပေါလ်မာဆန်က မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား အနေနဲ့ ရက်ဖို့ဒ်ကို ပွဲထွက် လူစာရင်းမှာ အသုံးပြုတာထက် လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုသင့်ကြောင်း တိုက်တွန်း သွားခဲ့ပြီး ရက်ဖို့ဒ်ဟာ လူစားဝင် အသုံးပြုရင် ပိုမို ကောင်းမွန်တဲ့ ကစားသမား ဖြစ်လာကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမယ့် ပွဲစဉ်ဟာ မန်ယူအသင်း အတွက်ရော အာဆင်နယ်အသင်း အတွက်ပါ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နေပြီး နှစ်သင်းစလုံးဟာ လက်ရှိ ပရီးမီးယားလိဂ် ရာသီမှာ အသင်းကြီး အချင်းချင်း တွေ့ဆုံတဲ့ ပွဲတွေကို အနိုင်မရသေးတာကြောင့် မနက်ဖြန် မှာ ကစားမယ့် ပွဲစဉ်မှာ ဘယ်အသင်းက ပထမဦးဆုံး နိုင်ပွဲကို ရသွားမလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ။

Photo Credit: Metro

 

ရက်ဖို့ဒ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ပေါလ်မာဆန်က “မားကပ် ရက်ဖို့ဒ်ဟာ ပြီးပြည့်စုံတဲ့ လူစားဝင် ကစားသမား တစ်ဦးပါ။ ပြီးတော့ သူက ယခုတစ်ပတ်မှာ ကစားမယ့် ပွဲစဉ်မှာ မန်ယူအသင်းအတွက် အရန်ခုံ ကနေသာ စတင် ပါဝင်သင့်ပါတယ်။ အိုလေဂန်နာ ဆိုးလ်ရှားဟာ ရက်ဖို့ဒ်ကို မကြာခဏ ဆိုသလို လူစားဝင် ကစားသမား အဖြစ် သုံးစွဲသင့်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အချက်အလက် မှတ်တမ်းတွေက ရက်ဖို့ဒ်ဟာ ဘယ်အချိန်မှာ ဆိုရင် ပိုပြီး အန္တရာယ် ကြီးမားတဲ့ ကစားသမားလဲ ဆိုတာ ပြသနေလို့ပါ။ သူက ပွဲထွက် လူစာရင်းမှာ ပါဝင်လာရင် ဂိုးတွေ အများကြီး မသွင်းယူနိုင်သလို ဂိုးသွင်းယူဖို့လည်း ခက်ခဲလေ့ ရှိပါတယ်။ ဒါပေမယ့် သူဟာ လိုက်ပ်ဇစ်အသင်းနဲ့ ပွဲမှာ အရန်ခုံကနေ ထလာပြီး ၁၆မိနစ်အတွင်း ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ခင်ဗျားကသာ ဒီရာသီမှာ သူ သွင်းယူထားတဲ့ သွင်းဂိုးတွေကို သေချာ ကြည့်လိုက်မယ် ဆိုရင် ထူးခြားတဲ့ အရာတစ်ခုကို သိသွားမှာပါ”

Photo Credit: Metro

“သူက လူတန်အသင်းနဲ့ ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ပြီး ၈၈မိနစ်မှာ ဂိုးသွင်း နိုင်ခဲ့တယ်။ သူက ဘရိုက်တန်နဲ့ပွဲမှာ ဒုတိယပိုင်းရောက်မှ ဂိုးသွင်း နိုင်ခဲ့တယ်။ သူက နယူးကာဆယ် အသင်းနဲ့ ပွဲမှာ နောက်ဆုံးမိနစ်ကျမှ ဂိုးသွင်း နိုင်ခဲ့တယ်။ သူက ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်မှာလည်း ပွဲပြီးဆုံးဖို့ ၃မိနစ် အလိုကျမှ ဂိုးသွင်းနိုင်ခဲ့တယ်။ လိုက်ပ်ဇစ်အသင်းနဲ့ ပွဲမှာလည်း အဲ့ဒီလိုပါပဲ။ သူ့ရဲ့ သွင်းဂိုးတေွဟာ ပင်ပန်းနေတဲ့ နောက်ခံလူတွေနဲ့ တွေ့တဲ့အချိန်မှာ ရခဲ့တာပါ။ ဒါ့ကြောင့် မန်ယူအသင်း အနေနဲ့ သူ့ကို အရန်ခုံမှာ ထားပြီး စမ်းကစားကြည့်သင့်ပါတယ်” လို့ သုံးသပ် ပြောကြား သွားခဲ့တာပါ။