MySport Myanmar

ဂျေဇူး ပြန်လာနိုင်တာက အာတေတာကို ခေါင်းခဲစေနိုင်တယ်လို့ ပေါလ်မာဆန် သုံးသပ်

အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဂါဘရီရယ်ဂျေဇူး ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး အသင်းအတွက် ပြန်လည် ကစားပေးနိုင်ခြင်းဟာ အာဆင်နယ်နည်းပြ အာတေတာအတွက် ပြသာနာတစ်ရပ် ဖြစ်လာစေနိုင်လိမ့်မယ်လို့ ပေါလ်မာဆန်က သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမားဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လိုက်ပါ ဆင်နွဲနေချိန်အတွင်းမှာပဲ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း (၁၂)ပွဲအထိ လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ဂျေဇူးဟာ လက်ရှိအချိန်မှာတော့ သူရဲ့ဒဏ်ရာကနေ အရှင်း သက်သာပျောက်ကင်းနေပြီဖြစ်လို့ ဖူလ်ဟမ်နဲ့ ပွဲစဉ်အတွင်းမှာလည်း လူစားဝင် ကစားသမားအဖြစ် ပါဝင်လာခဲ့ရာ ဒီလို ဂျေဇူး ပြန်လာနိုင်ခြင်းက နည်းပြအာတေတာကို ခေါင်းခြောက်စရာတွေ ဖြစ်လာနိုင်တယ်လို့ ပေါလ်မာဆန်က သတိပေးလိုက်ပါတယ်။

Photo Credit : Daily Mail

“ဂါဘရီရယ်ဂျေဇူး ပြန်လာနိုင်တာက အာဆင်နယ်အသင်းအတွက် ပြသာနာ နည်းနည်းလောက် ဖြစ်စေနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကစားသမားက ကစားခွင့်ရချင်နေလိမ့်မယ်။ သူက မန်စီးတီးအသင်းတုန်းကလို အသင်းအတွက် တစ်စိတ်တစ်ပိုင်းလေးသာ ပါဝင်ခွင့်ရတဲ့ ကစားသမားမျိုး ထပ်ဖြစ်ဖို့ အာဆင်နယ်နဲ့ လက်တွဲခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် အဲ့ဒါက အသင်းအတွက်တော့ အနည်းငယ်လေး ပြသာနာ ရှိနိုင်ပေမယ့်လည်း အခုလို အချိန်အခါမျိုးမှာဆိုရင် ကစားသမားသစ်တစ်ဦး ခေါ်ယူထားသလိုလည်း ဖြစ်နေလိမ့်မယ်” အာဆင်နယ် ကစားသမားဟောင်းကြီး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဆက်လက်ပြီး မာဆန်က ဆောင်းဈေးကွက်မှ ခေါ်ယူထားတဲ့ အာဆင်နယ် ကစားသမားသစ် ထရိုဆက်ဒ်နဲ့ ပတ်သတ်ပြီးတော့လည်း “လီအန်ဒရိုထရိုဆက်ဒ်က မန်စီးတီးအသင်းမှာလည်း ကစားနိုင်တဲ့ ကစားသမားမျိုးပါ။ သူ့ကို အာဆင်နယ်က ပေါင်(၂၇)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ” လို့ အမွှမ်းတင်သွားခဲ့ပြီး ထရိုဆက်ဒ်ဟာလည်း ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ပထမပိုင်း ပွဲကစားချိန်အတွင်း မယုံနိုင်စရာကောင်းလောက်အောင် ခြေစွမ်းပြသနိုင်ခဲ့သလို ပထမပိုင်းမှာပဲ ဂိုးဖန်တီးမှု ဟက်ထရစ်ကို စွမ်းဆောင်သွားခဲ့ပါတယ်။

Exit mobile version