Sky Sports ရုပ်သံဌာနရဲ့ နာမည်ကြီး ဘောလုံးရေးရာ သုံးသပ်သူတစ်ဦးလည်းဖြစ် ၊ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းလဲ ဖြစ်တဲ့ ပေါလ်မာဆင်ကတော့ လက်ရှိအချိန်မှာ သူ့အသင်းဟောင်းရဲ့ အကောင်းဆုံး တိုက်စစ်မှူးဖြစ်တဲ့ အူဘာမီယန်း ဟာ ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ယူအသင်း အတွက် ကိုက်ညီမယ့် ကစားသမားဖြစ်တယ် လို့ ဆွေးနွေးပြောဆိုသွားခဲ့ပါတယ်။ အသက် ၃၀ အရွယ် ရှိနေပြီဖြစ်တဲ့ အူဘာမီယန်းဟာ နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကို စွန့်ခွာဖို့ သတင်းကြီးနေသူဖြစ်ပြီး အာဆင်နယ် အသင်းနဲ့ သူနဲ့ကြားမှာ စာချုပ်သက်တမ်းဟာလဲ တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် မကြာမီမှာပဲ အာဆင်နယ်အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။

Photo Credit: Football London.com

ဒါ့ကြောင့်လဲ လတ်တလောမှာ တိုက်စစ်မှူး တစ်ဦးကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူ အသင်းဟာ ဗန်ပါစီ ၊ ဆန်းချက်တို့ကို ခေါ်ယူခဲ့သလိုမျိုး အာဆင်နယ်အသင်းက အူဘာမီယန်း ကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကမ်းလှမ်းဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာ အူဘာမီယန်းကို စိတ်ဝင်စားနေတာဟာ မန်ယူအသင်း တစ်သင်းထဲ မဟုတ်ပဲ လာလီဂါအင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ၊ ပြင်သစ် အင်အားကြီးအသင်းဖြစ်တဲ့ ပီအက်စ်ဂျီ စတဲ့ အသင်းတွေလည်း ပါဝင်နေပါတယ်။ အသက် ၃၀အရွယ် ရောက်ရှိနေတဲ့အပြင် စာချုပ်ကုန်ဆုံး ဖို့ နီးကပ်နေတာကြောင့် အာဆင်နယ်အသင်း ဟာ အူဘာမီယန်းကို တန်ကြေးထက် နည်းပါးတဲ့ စျေးနှုန်းတစ်ခုနဲ့ ရောင်းချသွားရမှာ ဖြစ်ပါတယ်။

Photo Credit: Football London.com

ဘောလုံးရေးရာ သုံးသပ်သူဖြစ်တဲ့ မာဆင် ကတော့ အူဘာမီယန်းဟာ မန်ယူအသင်း လိုအပ်နေတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း အစီအစဉ်တစ်ခုမှာ အကြံပြ​ု ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ အူဘာမီယန်းနဲ့ ပတ်သတ်ပြီး မာဆင်က ” အူဘာမီယန်းဟာ မန်ယူအသင်း ပျောက်ဆုံးနေတဲ့ ကစားသမားမျိုးပါ။ သူဟာ ဂိုးသွင်းစက်တစ်လုံးဖြစ်ပြီး ဂိုးသွင်းစက်တွေဟာ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေပါ ” လို့ အကြံပြုစကား ပြောကြားသွားခဲ့တာပါ။ အသက်၃၀နှစ် အရွယ် အူဘာမီယန်းဟာ လက်ရှိ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်း အတွက် ၂၆ပွဲ ပါဝင်ကစားပေးထားပြီး ၁၇ဂိုး သွင်းယူပေးထားကာ ၂ဂိုး ဖန်တီးပေးထားနိုင်သူ ပဲ ဖြစ်ပါတယ်။