MySport Myanmar

အာဆင်နယ်က တိုနေးကို ခေါ်ယူဖို့ လိုအပ်တယ်လို့ ပေါလ်မာဆင် အကြံပြု

အာဆင်နယ်အသင်းအနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူ အားဖြည့်သွားဖို့ လိုအပ်တယ်လို့ အာဆင်နယ် ကစားသမားဟောင်းကြီး ပေါလ်မာဆင်က အကြံပြု တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က အသင်း တိုက်စစ်ပိုင်းမှာ အထောင်တိုက်စစ် နေရာအတွက် ဂါဘရီရယ် ဂျေဇူး ၊ အက်ဒီ အန်ကယ်တီယာတို့နဲ့ လုံလောက်ခြင်း မရှိတဲ့အတွက် လာမယ့် ဆောင်းဈေးကွက်မှာ တိုနေးလို တိုက်စစ်မှူးမျိုးကို ခေါ်ယူသင့်တယ်လို့ မာဆင်က အကြံပြုလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက် (၂၇)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး တိုနေးဟာ အရည်အသွေးမြင့် ဂိုးသွင်းအားကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း လောင်းကစားမှုကြောင့် လပေါင်းများစွာ ပွဲပယ်ခံထားရတာဖြစ်ပြီး လာမယ့် ဇန်နဝါရီမှသာ ဘောလုံးပြန်ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘရန့်ဖို့ဒ်အသင်းနဲ့ လေ့ကျင့်ခန်းတွေပါ စတင် လုပ်ဆောင်နေတဲ့ တိုနေးကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ဆောင်းဈေးကွက် ဖွင့်ချိန်မှာ အပြိုင် ကမ်းလှမ်းသွားကြဖို့ ရှိနေရာ ပေါလ်မာဆင်က သူရဲ့ အာဆင်နယ်အသင်းအနေနဲ့လည်း တိုနေးကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလာခဲ့ပါတယ်။

Photo Credit : Sky Sports

နယူးကာဆယ် ကစားသမားဟောင်းတစ်ဦးဖြစ်သူ တိုနေးဟာ ၂၀၂၀ခုနှစ်ကတည်းက ဘရန့်ဖို့ဒ်အသင်းဆီ ရောက်ရှိနေတာဖြစ်ပြီး သူရဲ့ ဘရန့်ဖို့ဒ် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ အသင်းအတွက် လိဂ်ချန်ပီယံရှစ် (၃၁)ဂိုး သွင်းယူရင်း အသင်းကိုလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဂိုး (၂၀)အထိ သွင်းယူနိုင်ခဲ့တဲ့ တိုနေးကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် ချယ်လ်ဆီး မန်ယူနိုက်တက်တို့က အလိုရှိနေကြပြီး တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးက တိုနေးကို အရ ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းလာနိုင်ပါတယ်။

Exit mobile version