ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ထူးရှယ်ခြေစွမ်းတွေကို ပြသကာ အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံးနေရာမ​ှာ ရပ်တည်နေတဲ့ လီဗာပူးအသင်းဟာ နောက်ထပ် ရမှတ် ၆မှတ် ကိုသာ စုဆောင်းနိုင်ခဲ့ပါက နှစ်ပေါင်း ၃၀ ကြာအောင် ဝေးကွာနေတဲ့ ပြည်တွင်းအမှတ်ပေး ဖလားကို ရရှိနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် လီဗာပူးအသင်းကို အားပေးတဲ့ ပရိသတ်တွေရော ၊ လီဗာပူးအသင်းနဲ့ နီးစပ်သူတွေကပါ ကလော့ပ်နဲ့အသင်းသားတွေအတွက် ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လီဗာပူးအသင်း စိုးရိမ်ရတဲ့ အနေအထားတစ်ခုဟာ အင်္ဂလန်မှာ ဖြစ်ပျက် လာခဲ့ပါတယ်။

Photo Credit: Metro.com

အဲ့ဒါကတော့ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှတဆင့် စတင်ကူးစက် ပျံ့နှံ့နေတဲ့ ကိုရိုနာရောဂါဟာ ဗြိတိန်နိုင်ငံကိုလည်း ကူးစက်လာတဲ့ အခြေအနေဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ ကိုရိုနာ ရောဂါကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို ဧပြီလ ၃၀ရက်နေ့အထိ ရွှေ့ဆိုင်းထားခဲ့ပါတယ်။ ယမန်နေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ပရီးမီးယားလိဂ် အသင်းအများစုရဲ့ အကြီးအကဲတွေဟာ လက်ရှိ ပရီးမီးယားလိဂ် ရာသီကို ဖျက်သိမ်းဖို့ ဆန္ဒရှိလာကြတယ်လို့ သိရပြီး ဒါဟာ အမှတ်ပေးဖလားကို ရရှိဖို့ နှစ် ၃၀ ကြာအောင် စောင့်ဆိုင်းခဲ့ရတဲ့ လီဗာပူး အသင်းအတွက် သတင်းဆိုးတစ်ခုပါပဲ။ လီဗာပူး အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ပေါလ်အင့်ကတော့ သူ့အနေနဲ့ လက်ရှိရာသီကို ဖျက်သိမ်းဖို့ ကိစ္စရပ်ကို သဘောမတူကြောင်းနဲ့ အကယ်၍ ဖျက်သိမ်းလိုက်ပါက လီဗာပူးမြို့မှာဘာတွေဖြစ်လာမလဲဆိုတာကို ခန့်မှန်းသွားခဲ့ပါတယ်။

Photo Credit: Metro.com

ပေါလ်အင့်က ” ခင်ဗျားက နှစ်ပေါင်း၃၀ကြာ ပြည်တွင်းလိဂ်ဖလားကို ရယူဖို့အတွက် စောင့်ခဲ့ရသလို အသင်းကလည်း ဖလားရဖို့ နီးစပ်နေတဲ့ အနေအထားမှာ သူတို့က လက်ရှိရာသီကို ဖျက်သိမ်းလိုက်ရင် ဘာတွေဖြစ်လာမလဲ စိတ်ကူး ကြည့်လိုက်စမ်းပါ။ လီဗာပူးမြို့ဟာ အုတ်အော်သောင်းတင်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့က အခြားလူတွေပျော်ဖို့ အသင်း တစ်သင်းကို စိတ်မချမ်းသာအောင် လုပ်မလား ဒါမှမဟုတ် လီဗာပူးအသင်းကို ဖလားပေးမှာလား။ ကျွန်တော်ကတော့ ရာသီဖျက်သိမ်းဖို့ ကိစ္စကို သဘောမတူပါဘူး။ ရာသီပြီးဆုံးဖို့ကလဲ ၉ပွဲလောက်ပဲ ကျန်တော့တယ်လေ။ မေလနဲ့ ဇွန်လမှာ ပွဲစဉ်တွေအားလုံးကို ကစားလိုက်ရင် ရပါပြီ။ ပရိသတ်တွေနဲ့ ကစားလို့မရလည်း ကွင်းပိတ်ကန်ဖို့ အဆင်ပြေမှာပါ ” လို့ ပြောကြားသွားခဲ့တာပါ။