ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကိုပါ အနိုင်ယူကာ အက်အေဖလားချန်ပီယံဆုကိုတောင် ပိုင်ဆိုင်နိုင်ဖြစ်ခဲ့တဲ့ လက်စတာစီးတီးအသင်းဟာ လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်တဲ့အနေနဲ့ နွေစျေးကွက်အတွင်းမှာ သြစတြီးယား ထိပ်သီးကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဇမ်ဘီယာတိုက်စစ်မှူးလေး ပက်စတန်ဒါကာကို အရခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်ရှိ ဇမ်ဘီယာလက်ရွေးစင် လူငယ်တိုက်စစ်ကစားသမားလေး ဒါကာဟာ ၂၀၁ရခုနှစ်လောက်မှာ သြစတြီးယားဘောလုံးနယ်ပယ်အတွင်းကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး နာမည်ကြီး သြစတြီးယားကလပ်အသင်းဖြစ်တဲ့ ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဆာလ်ဇ်ဘာ့ဂ်လူငယ်အသင်းနဲ့အတူ UEFA Youth Leauge ကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒါကာဟာ ၂၀၁၉ခုနှစ်မှာပဲ ဆာလ်ဇ်ဘာ့ဂ်စီနီယာအသင်းကြီးအတွက် စတင်ကစားခွင့် ရရှိခဲ့ပြီးနောက် သူရဲ့ဘောလုံးအရည်အသွေးကောင်းတွေကြောင့် ဆာလ်ဇ်ဘာ့ဂ်ရဲ့ အမာခံကစားသမားတစ်ယောက်အဖြစ်ပါ သတ်မှတ်ခံလာခဲ့ရပြီး အသင်းဖော်ဟောင်း ဟာလန်းနဲ့ပါ တွဲဖက်ကစားခဲ့ရပါသေးတယ်။

Photo Credit : The Guardian

ဒါကာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့အတူ သြစတြီးယား အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး လိဂ်သွင်းဂိုးလည်း (၂၇)ဂိုးအထိကို သွင်းယူနိုင်ခဲ့တာကြောင့် ပြိုင်ပွဲတလျှောက် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအပြင် ဆာလ်ဇ်ဘာ့ဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ ဒါကာကို ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာစီးတီးအသင်းကနေ နွေစျေးကွက်အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)နဲ့ အရခေါ်ယူလိုက်နိုင်ခဲ့ပြီး (၅)နှစ်စာချုပ်အထိ ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ဂိုးသွင်းအားကောင်းတဲ့ ဒါကာဟာ အသက်အရွှယ်အရ အကျပိုင်းကို ရောက်ရှိလို့နေပြီဖြစ်တဲ့ လက်စတာ ဝါရင့်တိုက်စစ်မှူးကြီး ဂျေမီဗာဒီရဲ့နေရာမှာ အကောင်းဆုံး အစားထိုးဝင်ရောက်နိုင်မယ့်သူလို့ ထင်ကြေးပေးခံနေရပြီး အထောင်တိုက်စစ်နေရာမှာသာမကပဲ တောင်ပံတိုက်စစ် နှစ်ဖက်စလုံးမှာပါ ကျွမ်းကျင်စွာ ကစားတတ်သူမို့ လက်စတာအတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကာဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ လက်စတာအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ပထမဦးဆုံး ကစားသမားသစ်ဖြစ်ပြီး နောက်ထပ်ကစားသမားသစ် (၂)ဦးခန့်လောက် ထပ်မံခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။