MySport Myanmar

ကွန်တီကို နည်းပြအဖြစ် မခန့်နိုင်ခဲ့လို့ မန်ယူ နောင်တရလိမ့်မယ်လို့ အီဗာရာ ပြောဆို

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့နည်းပြဟောင်း အိုလေဂန်နာဆိုးလ်ရှားကို အသင်းကနေ ထုတ်ပယ်ချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ အီတလီနည်းပြ အန်တိုနီယိုကွန်တီနဲ့ အစားထိုးဖို့ အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း ကွန်တီထက် ရန်းနစ်ကိုသာ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သလို ကွန်တီကိုလည်း စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံလိုက်ရပါတယ်။ ရန်းနစ်က ယူနိုက်တက်ကို ယူရိုပါလိဂ်ဝင်ခွင့်သာ ပို့ဆောင်နိုင်ခဲ့ပေမယ့်လည်း ကွန်တီကတော့ စပါးကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းနိုင်ခဲ့လို့ ကွန်တီလို နည်းပြမျိုးနဲ့ လွဲချော်ခဲ့တဲ့အတွက် နောင်တရလိမ့်မယ်လို့ ယူနိုက်တက် ကစားသမား ပက်ထရစ်အီဗရာက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်ဟာ ယာယီနည်းပြ ရန်းနစ်လက်ထက်မှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေကြောင့် အမှတ်ပေးဇယားအတွင်း အဆင့်(၆)နေရာနဲ့သာ ကျေနပ်ခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပေမယ့် ကွန်တီနဲ့ လက်တွဲခဲ့တဲ့ စပါးအသင်းကတော့ ရာသီအကုန်မှာ အဆင့်(၄)နေရာ ရရှိခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်ပေးနိုင်ခဲ့သူ ကွန်တီကို ဆိုးလ်ရှားနေရာမှာ အစားထိုးဖို့ အခွင့်အရေးမျိုး ရရှိခဲ့ပေမယ့် ယူနိုက်တက်က ပရီးမီးယားလိဂ်နဲ့ အကျွမ်းတဝင် မရှိတဲ့ နည်းပြရန်းနစ်ကိုပဲ ကာလတို တာဝန်ပေးခဲ့သလို ရန်းနစ်က ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ (၂၉)ပွဲအတွင်း (၁၁)ပွဲသာ အနိုင်ရအောင် လုပ်ဆောင်ပေးခဲ့ပြီး ယူနိုက်တက်ရဲ့ နိုင်ပွဲရာခိုင်နှုန်း အနည်းဆုံးနည်းပြအဖြစ်ပါ သတ်မှတ်ခံရတဲ့အထိ အခြေအနေဆိုးခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အီဗရာက “ကျွန်တော့်နှလုံးသားကို နာကျင်စေတယ်။ ဘာကြောင့်လဲဆိုတော့ ကွန်တီ ကလော့ပ် ဂွာဒီယိုလာ ဒီနည်းပြတွေအားလုံးက လက်ရှိကမ္ဘာ့အကောင်းဆုံးတွေြ့ဖစ်ပြီး ကွန်တီကိုလည်း ကျွန်တော်တို့တွေ မန်ချက်စတာယူနိုက်တက်မှာ ထားနိုင်မယ့် အခွင့်အရေးမျိုး ရခဲ့သေးတယ်။ ဒါပေမယ့် ကလပ်မှာရှိတဲ့ လူတချို့က ‘ဒါက ငါတို့ရဲ့ပုံစံမဟုတ်ဘူး’ ‘ငါတို့ရှာနေတာ ဒါမျိုး မဟုတ်ဘူး’ လို့ ပြောနေကြတယ်။ ကဲ ကြည့်ရအောင်။ အခု ကျွန်တော်တို့မှာ အဲရစ်တန်ဟက်ဂ် ရှိနေပြီ။ သူ ဘာဆက်လုပ်နိုင်မလဲ ကြည့်ရမယ်။ သူ့ကိုတော့ ကျွန်တော် အားပေးနေမှာ။ ဒါပေမယ့် ယူနိုက်တက်နည်းပြ ရာထူးအတွက် စားဖိုမှူးတစ်ဦးကို ခေါ်ဆောင်လာရင်တောင် သူက ကျွန်တော်ရဲ့ အားပေးမှုကို ရနေဦးမှာ။ တကယ်လို့ ကွန်တီသာ အသင်းကို ရောက်လာမယ်ဆိုရင် အသင်းအတွက် တစ်ခုခု လုပ်ပြနိုင်မှာဖြစ်လို့ မခန့်အပ်နိုင်ခဲ့တာ အရမ်းစိတ်ပျက်ဖို့ ကောင်းပါတယ်။ အခုလည်း သူက စပါးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားတာကို သင်တို့မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် နာကျင်ရတယ်လို့ ပြောတာပါ။ အဲ့ဒါက စပါးကြောင့် မဟုတ်ပါဘူး။ ကျွန်တော်က အသင်းတိုင်းကို ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် ကွန်တီက တစ်ခုခုလုပ်ပြနိုင်ခဲ့လို့ နာကျင်မိခဲ့ရတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version