အသက် ၃၁ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ် ကစားသမား‌ဟောင်းဖြစ်သူ အလက်ဇန်းဒါး ပါတို က သူ့အနေနဲ့ အသင်းဟောင်းဖြစ်တဲ့ စီးရီးအေကလပ် အေစီမီလန် အသင်းကို ပြန်လာဖို့ မျှော်လင့်နေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူ နဲ့ အေစီမီလန် ကြယ်ပွင့် တိုက်စစ် ကစားသမား ဇလာတန် အီဘရာဟီမိုဗစ် အတွဲဖက်က အကောင်းဆုံး အတွဲဖက် ဖြစ်လာနိုင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အလက်ဇန်းဒါး ပါတိုဟာ ပြီးခဲ့တဲ့ နွေရာသီ ဆော်အိုပေါလ်လို အသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတာ ဖြစ်ပါတယ်။

Photo Credit: Sportbible

အလက်ဇန်းဒါး ပါတို ဟာ အီတလီစီးရီးအေ ကလပ် အေစီ မီလန် အသင်းမှာ ၂၀၀၇ ခုနှစ် ကနေ ၂၀၁၃ ခုနှစ်အထိ ၆ နှစ်ကြာ ကစားခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီးတော့ သူ့ရဲ့ အိမ်မက်ဟာ အသင်းဟောင်းဖြစ်တဲ့ အေစီ မီလန် အသင်းမှာ ပြန်ကစားရဖို့ ဖြစ်ကြောင်း မီဒီယာ‌တွေကို အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော့်မှာ အေစီ မီလန် အသင်းနဲ့ အမှတ်တရ ကောင်းတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော် ပြောနေတာက ပွဲပေါင်း ၁၅၀ လောက် ကစားခဲ့ပြီး ၆၃ ဂိုး သွင်းယူနိုင်ခဲ့ပြီးတော့ စီးရီးအေ ဖလားနဲ့ စူပါကိုပါ အီတလီယာနာ ဖလား ရယူနိုင်ခဲ့တဲ့ အကြောင်းတွေကို ပြောနေတာပါ ”

Photo Credit: Sportbible

“ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ရှိတဲ့ အေစီမီလန် အသင်းကို ပြန်နိုင်ဖို့က ကျွန်တော့်ရဲ့ အိမ်မက် ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး အလက်ဇန်းဒါး ပါတို ကို မီဒီယာတွေက သူ့အနေနဲ့ ဇလာတန်ရဲ့ အရန်ကစားသမား လုပ်နိုင်မလား ဆိုပြီး မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ပါတိုက သူတို့နှစ်ဦး အနေနဲ့ အတူတူ ကစားနိုင်ကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်ကတော့ ရက်စ် လို့ ပြောချင်ပါတယ်၊ ပြဿနာက ဘာမလို့လဲ ? ဒါပေမယ့် ရိုးရိုးသားသား ပြောရရင်တော့ ကျွန်တော် အရန်ကစားသမား ဖြစ်ဖို့ အတွက်တော့ မသွားချင်ပါဘူး။ ကျွန်တော် ကစားချင်ပါသေးတယ်။ နည်းပြကို ယုံကြည်အောင် သက်သေပြဖို့အတွက် ပွဲအနည်းငယ်လောက်ဆို လုံလောက်ပါပြီ။ ကျွန်တော်တို့ အတူတူ ကစားနိုင်လိမ့်မယ်လို့ပဲ ပြောကြစမ်းပါ။ ကျွန်တော်တို့ နှစ်ယောက် အတွဲက အတော်လေး ကောင်းတဲ့ အတွဲ ဖြစ်နိုင်ပါတယ် ” လို့ ရယ်ရယ်မောမော နဲ့ ပြောဆိုခဲ့ပါတယ်။